"စိတ်ချပါ …… တရားမျှတမှုရှိတဲ့ပွဲ ဖြစ်လာမှာပါ ……"

သူမ အသာလေးပြုံးပြ လိုက်မိသည်။ Mr.Shin နှင့် ညနေစာ အတူစားပြီး ပြန်ထွက်လာတော့ Hyeri နှင့် အတူ စားသောက်ဆိုင်ထဲ ဝင်လာတဲ့ Jin ကိုတွေ့လိုက်ရ၏။ သူမ အကွယ် တစ်နေရာကို ဖျတ်ခနဲ ဝင်လိုက်မိသည်။ ရယ်မောနေတဲ့ သူတို့နှစ်ယောက်ရဲ့ ပုံရိပ်က သူမနှလုံးသားကို ဆူးနှင့် ထိုးစိုက်လိုက် သလိုပင် … သူတို့ သူမကို ကျော်သွားမှ သူမ ဆိုင်အပြင် ထွက်လာခဲ့မိသည်။ သူမ ခြေထောက်တွေက ခြေလှမ်းလှမ်းဖို့ပင် အားမရှိတော့ …… ဘာလို့လဲ Hyeri နဲ့မှ …… Jin သူမကို မေ့ပစ်နိုင်ပြီလား …… သူမရှေ့ အဆင်သင့်ရပ်လာတဲ့ ကားနောက်ခန်းထဲသို့ ဝင်ထိုင်လိုက်၏။ နာကျင်မှုရဲ့ သက်သေမျက်ရည်တွေကတော့ သူမပါးပြင်ပေါ် အတားအဆီးမဲ့စွာ ကျဆင်းလာလျက် ………

"Jin ဘာတွေကြည့်နေတာလဲ"

ဘေးကနေ သူ့အကျင်္ီလက်မောင်းကို ဆွဲလိုက်တဲ့ Hyeri ကြောင့် Jin အနောက်လှည့်ကြည့်မိရာမှ ပြန်လှည့်လိုက်ပြီး

"ဘာမှ မဟုတ်ပါဘူး …… အသိတစ်ယောက်နဲ့တူသလားလို့ပါ"

Hyeri လည်း Jin ကြည့်ခဲ့ရာဆီသို့ လိုက်ကြည့်လေသည်။

"ဘာမှမဟုတ်ပါဘူး …… သူက သွားပြီ ……သွားရအောင်လေ Hyeri …… တော်ကြာ ဟိုနှစ်ယောက် စောင့်နေရလို့ ပြောတော့မယ်"

Jin …… ဘာမှမဟုတ်ဘူးလို့သာ ပြောလိုက်မိပေမယ့် ခုနက ဖျတ်ကနဲ မြင်လိုက်ရတဲ့ မိန်းကလေးကြောင့် စိတ်ထဲ တစ်မျိုး ဖြစ်နေမိသည်။ သူမ ဘာလို့ သူတို့ကိုမြင်တော့ ဝင်ပုန်းလိုက်ရတာလဲ …… ပြီးတော့ သူ့စိတ်ထဲမှာ သူမကို Soon Young နဲ့ တူတယ်လို့ ဘာလို့ မြင်နေမိတာလဲ …… Jin သက်ပြင်းတစ်ချက် မှုတ်ထုတ်လိုက်ရင်း လက်ရှိအခြေအနေမှာပဲ စိတ်ကိုနှစ်ထားလိုက်မိတော့သည်။

xxxxxxxxxxxxxxxxxxxxxxxxxxxxx

မနေ့က ကိစ္စကြောင့် Ji Na ညဘက်ကောင်းကောင်း အိပ်မရသလို မနက်ဖက် ထတော့လည်း စိတ်ထဲသိပ်မကြည်ပေ …… သူမ စိတ်တွေ လန်းဆန်းလို လန်းဆန်းငြား သူမအိမ်နားမှာရှိတဲ့ ပန်းခြံဆီသို့ လေ့ကျင့်ခန်းလုပ်ရန်ထွက်ခဲ့၏။ Ji Na သူမနဲ့ သိပ်မရင်းနှီးသေးတဲ့ ပတ်ဝန်းကျင်ကို ငေးလျက် ဖြေးဖြေးချင်းပြေးရင်းမှ မျက်နှာချင်းဆိုင်ဘက်ဆီက ခွေစုတ်ဖွားဖြူဖြူလေးကို ကြိုးနှင့်ဆွဲကာ လမ်းလျှောက်လာတဲ့ သူ့ကြောင့် သူမ ခြေလှမ်းတွေ ရပ်တန့် သွားရသည်။ သူမ ကြောင်ငေးစွာ ရပ်ကြည့်နေစဉ်မှာပင် သူက သူမဘေးနားကနေ ဖြတ်သွားလေသည်။ သူ သူမကို ကျော်သွားတော့ သူမ သူ့နောက်ကျောလေးကို ဆက်၍ ငေးကြည့်နေမိ၏။

String [Completed]Where stories live. Discover now