Part 9 (Unicode)

141 15 1
                                        

ရုံးခန်းတွင်းရှိ ဆိုဖာပေါ်တွင် အိပ်ပျော်နေသော ချစ်ရသူကို ငေးကြည့်ကာ ငွေနှင်း ပြုံးနေမိပါသည်။ ထိုမျက်နှာပေါ်ရှိ အေးချမ်းမှုတို့ကြောင့် မိမိမှာ မေတ္တာသက်ဝင်ခဲ့ရသည် မဟုတ်ပါလား။ သည်ရက်ပိုင်းအတွင်း Final Year Project များကြောင့် မည်မျှထိ စိတ်ပင်ပန်းနေရှာသည်မှာ မိမိ၏ တံခါးခေါက်သံကိုပင် မကြားဘဲ ယခုကဲ့သို့ နှစ်နှစ်ခြိုက်ခြိုက် အိပ်ပျော်နေသည်ကို ကြည့်ခြင်းဖြင့်ပင် သိရှိနိုင်ပါသည်။
စားပွဲပေါ်ရှိ ထမင်းဘူးကို ဖွင့်ကြည့်လေရာ လုံးဝပင် အရာမယွင်းသေးပေ။
ငွေနှင်းသည် ဟန်သစ်၏ နံဘေးနားကပ်၍ ထိုင်လိုက်ကာ အိပ်နေသဖြင့် ဖြည်ချထားသော ဆံနွယ်တို့ကို အသာအယာ တို့ထိနေမိလေသည်။ အအိပ်ဆတ်သော ဟန်သစ်၏ အကြောင်းကို သိသဖြင့် ပုခုံးကိုသာ ခပ်ဖွဖွပုတ်၍ နှိုးလိုက်လေသည်။

"အင်း... ခိုင်။ ဘယ်တုန်းက ရောက်တာလဲ နွယ် အိပ်ပျော်သွားတယ်။"

ငွေနှင်းက အိပ်မှုန်စုံဝါးဖြင့် ပြောလာသော ဟန်သစ်၏ ပါးလေးကို လက်နှစ်ဖက်ဖြင့် ညှစ်လိုက်ကာ

"ခုနပဲ။ အစက ဒီအတိုင်း ထိုင်နေမလို့ပဲ။ အခုထိ ဘာမှ မစားရသေးမှန်းသိလို့ နှိုးလိုက်တာ။ နှစ်နာရီ ထိုးတော့မယ်။ တစ်ခုခု ထစားလိုက်နော်။ တကယ်လို့ တခြား ဘာမှမရှိတော့ရင် ဖတ်ရမယ့် စာတမ်းတွေ ယူပြန်ပြီး၊ အိမ်ရောက်မှ နားနားနေနေဖတ်တော့။ ကြည့်ပါဦး၊ မျက်နှာလေးက တဝက်ပဲ ကျန်တော့တယ်။"

"အင်းပါ၊ ထပါပြီ။"

ဟန်သစ်က ပြောပြောဆိုဆိုဖြင့် လှဲနေရာမှ ငုတ်တုတ်ထထိုင်လိုက်လေရာ ငွေနှင်းက စားပွဲပေါ် တင်ထားသည့် ထမင်းဘူးကို ဖွင့်လိုက်ကာ

"နွယ့်အကြောင်း သိလို့ ခိုင်က ဒီနေ့ တကူးတက Fruit Salad ပဲ ထည့်လာပေးတာ။ ခံတွင်းပျက်နေတယ်မလား။"

"ဟုတ်တယ်၊ ရာသီဥတု ပူတာလည်း ပါမယ်ထင်တယ်။ ဘာမှ စားလို့ မဝင်၊ အိပ်ရေးကလည်း ပျက်နဲ့။"

"အဲ့အတိုင်း ကြပ်ကြပ်နေ၊ လူက လဲသွားလိမ့်မယ်။"

ငွေနှင်းက ပြောရင်း salad ထဲသို့ dressing sauce လောင်းထည့်ကာ ခက်ရင်းကို စိုက်လျက် ဟန်သစ်အား ပေးလိုက်လေ၏။

By Loving (own creation)Where stories live. Discover now