Part - 8 (Unicode)

114 10 0
                                        

Flash Back:
ချစ်သူရည်းစား ဖြစ်သွားကြသော်လည်း ဟန်သစ်မှာ ငွေနှင်း၏ တပည့်ဖြစ်နေသေးသည်ကတစ်ကြောင်း၊ မိန်းမသားချင်းဖြစ်နေသည်ကတစ်ကြောင်းကြောင့် မိမိတို့၏ မေတ္တာရေးရာကို လူသိခံလို့ ဖြစ်ပါ့မလားဟု ငွေနှင်းတွေဝေမိလေသည်။
အင်္ဂလိပ်စာဌာနခန်း၏ ထမင်းစားစားပွဲတွင် ထုံးစံအတိုင်း ငွေနှင်းတို့ သုံးယောက် အဖွဲ့ကျနေလေ၏။

"ဒါဆို မဆွေက ကိုမျိုးကို အဖြေပေးဖို့ ဆုံးဖြတ်လိုက်ပြီပေါ့လေ။"

"ဟုတ်တယ်၊ အစကတော့ ထပ်ပြီး စဉ်းစားဦးမလို့ပဲ။ ဒါပေမယ့် ကိုမျိုးက ငါးနှစ်ငါးမိုးတောင် လိုက်ခဲ့ပြီးပြီမို့ မကြာခင် အဖြေပေးမလားလို့။"

"ကောင်းတယ်၊ ကောင်းတယ်။ မဆွေပြောပြောနေတာ ကြားရတာနဲ့တင် ငွေနှင်းက ကြိတ်သဘောတူနေတာ ကြာပေါ့။"

"အေး... မဝေလည်း သဘောတူတယ်။ နောက်ဆို တို့တွေ Double Date လို့ ရပြီပေါ့။ အဲ... ငွေနှင်း Triple Date ရဖို့ကတော့ ရှင့်မှာ တာဝန်ရှိတယ်နော်။"

ငွေနှင်းက ပြုံးလိုက်ကာ

"နှစ်တွဲပဲ အေးဆေး Double date ကြပါနော်။ ငွေနှင်းကိုကတော့ စောင့်မနေနဲ့။"

"ဟင်း... ပြောတာပဲ။ တမြန်နေ့ကကျ ဆေးရုံကို အပြေးလိုက်သွားတုန်းက သွားပြီးတော့။"

"အို..."

ဝေ့စကားကြောင့် ငွေနှင်းက ရှက်သွားလေသည်ကို ဝေရော၊ ဆွေပါ သဘောကျစွာ ရယ်မိကြလေသည်။

"ဒါနဲ့ သစ်သစ် မနေ့က ဆေးရုံဆင်းတာမလား။"

"ဟုတ်တယ်၊ ကလေးက တအား အားနည်းသွားတာမို့ ဆေးရုံမှာ နှစ်ရက်နဲ့ နှစ်ညပေါ့ နေလိုက်ရတာလေ။"

"ဟယ်... ကလေးတဲ့။"

"အခုမှ ကျောင်းသူပဲ ရှိသေးတာမို့ ကလေးပေါ့။"

"အတင်း ရှင်းပြစရာ မလိုပါဘူးနော်။"

"ငွေနှင်းကိုလေ မဆွေတို့က ညီမအရင်းလေးလို ချစ်တာသိတယ်မလား။ ငွေနှင်း ပင်ပန်းရတာတွေ ရှိရင် မဆွေတို့ကို အချိန်မရွေး ပြောပြနော်။ မဆွေတို့က အမြဲ ငွေနှင်းဖက်ကပဲ၊ ငွေနှင်း မှားသည်ဖြစ်စေ၊ မှန်သည်ဖြစ်စေ။"

By Loving (own creation)Where stories live. Discover now