Part - 6 (Unicode)

939 75 10
                                        

လွန်ခဲ့သော (၁၆)နှစ်

ဗိုလ်တစ်ထောင်ဆိပ်ကမ်းသို့ ရောက်သည်နှင့် ငွေနှင်းတို့ နှုတ်ဆက်လိုက်ကာ ထွက်လာကြလေ၏။

သတိထားပါလျက် မေ့ကျန်ခဲ့သော Tissue လိပ်နှင့် ရေဘူး ဝယ်ပြီးသည်နှင့် ညနေ ၅ နာရီ သင်္ဘောပေါ်သို့ တက်လာခဲ့လိုက်လေ၏။

အိတ်အတွင်းရှိ တီချယ်ယုယထွေး ဝယ်ပေးလိုက်သည့် သင်္ဘောလက်မှတ် ဖြတ်ပိုင်းကို ထုတ်ကြည့်လိုက်ပြီးနောက် သင်္ဘောအပေါ်ထပ်သို့ တက်လာခဲ့လေသည်။

အခန်းနံပါတ်ကို မော့ကြည့်လိုက်လေရာ နံပါတ်(၅) မှန်ပေသည်။ သို့ဖြစ်၍ အခန်းတံခါးကို ဆွဲဖွင့်လိုက်လေ၏။

"အို..."

အခန်းတွင်းရှိ ဘယ်ဘက်ကုတင်၌ ထိုင်နေသူကို ကြည့်ကာ ငွေနှင်း အံ့ဩမိလေသည်။

ဟန်သစ်က ပြုံးလိုက်ကာ

"တီချယ်လည်း အခန်း(၅) ပဲလား..."

ငွေနှင်းက အခန်းတွင်း ဝင်လိုက်ပြီးနောက် သံဇကာတံခါးကို ပြန်ပိတ်လိုက်ကာ
(သင်္ဘောပေါ်ရှိ VIP အခန်းများတွင် လေဝင်လေထွက်ကောင်းစေရန် သံဇကာတံခါးနှင့် ပုံမှန်တံခါးဟူ၍ တံခါးမကြီးကို နှစ်ထပ်တပ်ဆင်ထားကြလေရာ ထိုသံဇကာတံခါးကို ဆိုလိုပါသည်။)

"ဟုတ်ပါရဲ့... တိုက်ဆိုင်လိုက်တာ..."

"မိန်းကလေး တစ်ယောက်တည်းချင်းမို့ အခန်းတူတာ နေမယ်... တော်သေးတာပေါ့... စိတ်ပူနေခဲ့တာ... သမီးက အခန်းတစ်ခန်းလုံး ဝယ်ဖို့ ပြောလိုက်တာကို တီချယ်ယုက တစ်ခြမ်းပဲ ရလာတယ်ဆိုလို့ စိတ်ညစ်နေတာ..."

အခန်းအလယ်ရှိ စားပွဲပေါ်သို့ ရေဘူးအိတ် တင်လိုက်ပြီးနောက် လွတ်နေသည့် ညာဘက်ကုတင်ပေါ်သို့ ငွေနှင်းထိုင်လိုက်ကာ လွယ်ထားသည့်အိတ်ကို ဘေးချလိုက်ရင်း ဟန်သစ်အား မော့ကြည့်လာလေသည်။

"ဪ... တီချယ်ယု ဝယ်ပေးလိုက်တာလား..."

"ဟုတ်တယ်... တီချယ်။ အရင်တစ်ပတ်က တီချယ်ယုက ဒီဘက်လမ်းကြုံတာနဲ့ လက်မှတ်ဖြတ်ပေးလာတာ။"

By Loving (own creation)Where stories live. Discover now