#Unicode
လူငယ်တစ်ယောက်၏ အသက်ရှူသံ ခပ်ပြင်းပြင်းမှလွဲလျှင် အခန်းတွင်းအခြေအနေသည် အပ်ကျသံကိုပင် ကြားရနိုင်သည်အထိ ငြိမ်သက်လွန်းနေ၏။ အခန်းထဲ၌ စုစုပေါင်း လူ၅ယောက်ရှိကာ ဒူးထောက်နေသော လူငယ်မှလွဲ၍ ကျန်သည့်လူများ၏မျက်နှာများသည် လေးနက်တင်းမာနေကြသည်။အတော်အသင့်ကြီးမားသည့် ကျွန်းစားပွဲ၏အနောက်တွင် ထိုင်နေသော ညဉ့်မဲ့လရောင်သည် ခုနလေးကမှ ထုတ်လွှင့်လိုက်သည့် အရှိန်အဝါများကို ပြန်လည်ရုပ်သိမ်းပြီး တပ်ဆင်ထားသော ရွှေကိုင်းမျက်မှန်ကို ချွတ်လိုက်၏။
"နွေဦးဂျွန်.."
ညဉ့်မဲ့လရောင်၏ခေါ်သံကြောင့် နွေဦးဂျွန် အသိပြန်ဝင်လာပြီး မိမိ၏အင်အားကို ပြန်လည်ရုပ်သိမ်းလိုက်သည်။ပြီးနောက် ခေါ်ဆိုသူကို ခေါင်းလှည့်၍ မော့ကြည့်ပြီး ရိုသေစွာ ပြန်လည်ဖြေကြားလိုက်၏။
"ဟုတ်ကဲ့..သခင်ကြီး"
"သက်ဆိုင်တဲ့..စာရွက်စာတမ်းတွေပြလိုက်"ဟု ဒူးထောက်နေဆဲ လူငယ်ရှိရာကို မေးဆတ်ပြ၍ ပြောလာသော ညဉ့်မဲ့လရောင်ကို နားလည်ကြောင်း နွေဦးဂျွန် ခေါင်းညိတ်ပြလိုက်သည်။
ထို့နောက် မိမိထိုင်နေသည့် ဆိုဖာ၏အရှေ့ရှိ စားပွဲပေါ်မှ စာရွက်စာတမ်းအချို့ကို ကောက်ယူကာ ခေါင်းငိုက်စိုက်ကျနေသည့် လူငယ်၏အရှေ့သို့ စာရွက်များကို နွေဦးဂျွန် ပစ်ချလိုက်သည်။
ယခုအချိန်၌သာ ရေရေရာရာ မဖြေရှင်းနိုင်ပါက ခုနက ခြိမ်းခြောက်မှုမှာ အကောင်အထည်ဖြစ်တည်လာတော့မည်ကို သိရှိတာကြောင့် တံလျှပ်မိုးသည် ထိတ်လန့်မှုတို့ မပြယ်သေးသော်ငြား ကြမ်းပြင်ပေါ်တွင် ရှိနေသည့် စာရွက်များကို တုန်ယင်နေသောလက်များဖြင့် အမြန်ကောက်ဖတ်ပြီး ဘာဖြစ်နေသည်ကို စုံစမ်းလိုက်သည်။
ထိုအခါ တံလျှပ်မိုး၏မျက်ဝန်းတို့က ပြူးကျယ်ကုန်ရ၏။နောက်တစ်မျက်နှာကို ခပ်မြန်မြန်လှန်၍ ဖတ်လိုက်၊ အရှေ့ကိုပြန်ဖတ်လိုက်လုပ်နေပြီးနောက် သူ၏အရှေ့တည့်တည့်ရှိ ဦးတည်ရာတွင် ထိုင်နေသော ညဉ့်မဲ့လရောင်ကို တံလျှပ်မိုး ဆတ်ခနဲ မော့ကြည့်လိုက်မိသည်။
YOU ARE READING
မှိုင်းဟန်မြခေတ် {Hiatus}
Random"အေး..ငါက ရိုင်းတယ်! အဲ့တော့..သောက်ဘောပဲ! ီး!!" မှိုင်းဟန်မြခေတ်