အပိုင်း - ၂၄

421 18 2
                                    

#Unicode

အတ္တဝါဒီသည် အဆောက်အဦး၏ တစ်ခုတည်းသော ဝင်ပေါက်ဖြစ်သည့် သတ္တုတံခါးကြီးကို မည်သည့်ခံစားချက်တို့မှ စွက်ဖက်မနေသည့် မျက်နှာထားဖြင့် စိုက်ကြည့်နေလျက်ရှိသည်။သို့သော် အကြည့်တို့ဖြစ်တည်ရာ အညိုရင့်ရောင် မျက်ဝန်းတစ်စုံတွင်တော့ ပိုင်ရှင်ဖြစ်သူ၏ချုပ်တည်းထားသော မျှော်လင့်ချက်တို့က တစ်စွန်းတစ်စ ကပ်တွယ်နေကြ၏။

စိုက်ကြည့်နေသည့် တံခါးက ရုတ်တရက် ပွင့်ဟလာလေတော့ မျက်ဝန်းတို့မှာ အရောင်တစ်ချက်လက်သွားပြီး နဂိုကမှ မတ်ထားသည့်ခါးကို အလိုအလျောက် ပိုမိုမတ်လိုက်သည့် အတ္တဝါဒီ၏ပုံရိပ်က အရေးကြီးသည့် တစ်စုံတစ်ခုကို စောင့်မျှော်နေခဲ့သည့် လူတစ်ယောက်၏ အသွင်အပြင်နှင့် ဆင်တူလှသည်။

မထင်မရှား ဤအပြုအမူက ခပ်ကြာကြာ မခံလိုက်သည်ကတော့ စိတ်မကောင်းစရာပင်။ တံခါးပေါက်မှ ဝင်လာသည့်လူက ဂိုဏ်းရှိ လက်အောက်ငယ်သားတစ်ယောက် ဆိုသည်ကို သိသည်နှင့် တန်းတန်းမတ်မတ်ရှိသော ဖြောင့်တန်းနေခဲ့သည့်ခါးမှာ ခုနကလောက် မဖြောင့်တန်းတော့သယောင်ရှိလှ၏။

ထိုလက်အောက်ငယ်သားက အတ္တဝါဒီ၏ဘေးနားသို့ ရောက်ရှိလာပြီး လေးစားမှုတို့ဖြင့် ခါးကိုကိုင်းကာ အရိုအသေပေးလာသည်။ အသိအမှတ်ပြုသည့်အနေဖြင့် ခေါင်းညိတ်ပြလိုက်ပြီးနောက် မျှော်လင့်ချက်တို့ ပြန်လည်ပျောက်ကွယ်သွားပြီဖြစ်သည့် မျက်လုံးတို့ကို အနားပေးသည့်နှယ် အတ္တဝါဒီသည် မျက်လုံးများကို မှေးမှိတ်ပစ်လိုက်သည်။

လက်အောက်ငယ်သားသည် အတ္တဝါဒီ ကိုယ်တိုင်လေ့ကျင့်ပေးခဲ့သည့် အထူးအဖွဲ့မှ အဖွဲ့ဝင်တစ်ယောက်ဖြစ်သည်။ အတ္တဝါဒီသည် သူသွားရာ နေရာတိုင်း၌ အသုံးဝင်လာနိုင်မည့်လူတို့ကို စုဆောင်းရသည်ကို သဘောတွေ့ကာ သူ့လက်အောက်တွင် အသေအချာ လေ့ကျင့်စေပြီး သူ၏အသေခံလက်နက်များ ဖြစ်လာစေသည်။

လက်နက်အဖြစ် အသုံးချခံရသော်လည်း လမ်းမပေါ်၌ အလကား သေသွားရမည့်အစား ကောင်းကောင်းမွန်မွန် စားသောက်၊နေထိုင်နိုင်ခွင့်နှင့် အသုံးဝင်မှုတစ်ခုအဖြစ် သေဆုံးခွင့်ရမည့် အခွင့်အရေးကို ပေးခဲ့သည့် အတ္တဝါဒီကို ထိုအဖွဲ့သည် အလွန်ယုံကြည်လေးစားကြလေသည်။

မှိုင်းဟန်မြခေတ် {Hiatus}Where stories live. Discover now