အပိုင်း - ၃၂

340 16 1
                                    

#Unicode

အတ္တဝါဒီသည် မတိုးမကျယ်သော မှိုင်းဟန်မြခေတ်၏ညည်းညူသံလေးကြောင့် ချက်ချင်းလက်ငင်း အရှေ့ကိုတိုးပြီး လက်လေးကို ဆုပ်ကိုင်လိုက်သည်။မျက်နှာထားမှာလည်း ပူပန်ခြင်းတို့ စိုးမိုးလျက်ရှိကာ အနားတွင် လူသေတစ်ယောက်လို ရပ်နေသေးသည့်လူကို မော့ကြည့်လိုက်ချိန်တွင် လူသတ်ငွေ့တို့က ပင်လယ်လှိုင်းလုံးများသဖွယ် ခန္ဓာကိုယ်၏ ဘေးပတ်ပတ်လည်မှတစ်ဆင့် ဖြာထွက်နေ‌သယောင်ရှိလှလေသည်။

"ဘာရပ်‌လုပ်နေတာလဲ!..အခုချက်ချင်း စမ်းသပ်စမ်း!"

သခင်လေးသာ တစ်ခုခုဖြစ်သွားလျှင်ဆိုသည့် ဖြစ်နိုင်ခြေကို မတွေးဘဲမ‌နေနိုင်ကာ ကြောက်ရွံ့မှုကြောင့် ဒီအတိုင်းကြောင်ကြည့်နေမိချိန်တွင် ကြောက်မက်ဖွယ်ရာ အာဏာတို့ပါဝင်နေသည့် အသံတစ်သံက သူ့ကို အတွေးများထဲမှ ခပ်ကြမ်းကြမ်း ဆွဲထုတ်လိုက်သလို နိုးထလာစေသည်။

လက်များ၏တုန်ယင်မှုအရ ကိုင်ဆောင်ထားသော သေတ္တာဘူးလေးကပါ အတူတူ လှုပ်ရှားလာပြီး အထဲတွင် ထည့်ထားမိသည့် သုံးပြီးသား ဆေးထိုးအပ်လေးသည် သေတ္တာ၏ဘေးနံရံတို့ကို ရိုက်ခတ်၍ အသံတို့ကို မြည်လာစေလေသည်။ထိုလူသည် သေတ္တာကို ကြမ်းပြင်ပေါ် အမြန်ချလိုက်ပြီး စက်ပစ္စည်း၏မျက်နှာပြင်ရှိ ရာခိုင်နှုန်းတို့ကို အသေအချာကြည့်လိုက်ကာ တရိပ်ရိပ် ထိုးတက်လာသော နှလုံးခုန်နှုန်းများကို မြင်လိုက်ရသည့်အခိုက် မျက်လုံးတို့မှာ ကြောက်လန့်စိုးထိတ်မှုကြောင့် ပြူးကျယ်ကုန်၏။

သခင်လေးမှာလည်း နာကျင်မှုများကို အလူးအလဲ ခံစားနေရပုံဖြင့် ဆက်လက်ညည်းနေကာ မျက်နှာအရောင်မှာလည်း စာရွက်တစ်ရွက်ပမာ ဖြူဖျော့လာလေသည်။ထိုအခိုက်အတန့်၌ ခုနလေးကမှ အကောင်းအတိုင်းရှိသေးသော သွေးပေါင်ချိန်သည်လည်း ရုတ်ခြည်းဆိုသလို ၃၀အောက်ထိ လျော့ကျသွားကာ အန္တရာယ်ကို အချက်ပြသည့် တတီတီအသံမှာ အခန်းထဲ၌ ကျယ်လောင်စွာ ထွက်ပေါ်လာတော့သည်။

ထိုလူသည် အသက်ပင် ဖြောင့်ဖြောင့်မရှူရဲတော့ဘဲ နဖူးနှင့်နောက်ကျောတို့၌ ချွေးစေးများပြန်လာကာ အမြင်အာရုံများသည်ပင် မူးဝေလာသယောင်ပင်။သို့သော် တဖြည်းဖြည်း ကျဆင်းလာသည့် အခန်း၏အပူချိန်က သူ၏ပါးကို အားပါပါ ရိုက်ပစ်လိုက်သည့်နှယ် သတိပြန်ကပ်စေ၏။ စက်၏မျက်နှာပြင်မှ အကြည့်ဖယ်လိုက်သည့်အခိုက်၊ လူသတ်မည့်အကြည့်များဖြင့် စိုက်ကြည့်နေသော သခင်ကြီးနှင့် မျက်နှာချင်း ဆုံတွေ့သွားလေသည်။

မှိုင်းဟန်မြခေတ် {Hiatus}Where stories live. Discover now