အပိုင်း - ၅

734 31 0
                                    

#Unicode

အလယ်တည့်တည့်၌ အလင်းရောင် အနည်းငယ်သာ ထွန်းလင်းပေး‌နိုင်သော မီးလုံးရှိသည့် မှောင်မိုက်သော အခန်းငယ်ထဲတွင် လှုပ်ရှားမှု အနည်းငယ်ရှိနေ၏။ထိုလှုပ်ရှားမှုများ၏ပိုင်ရှင်သည် လျင်မြန်ဖျတ်လတ်နေပြီး စားပွဲပေါ်ရှိ တစ်စစီဖျက်ထားသည့် သတ္တုအစိတ်အပိုင်းများကို ဂရုတစိုက် ပြန်လည်တပ်ဆင်နေသည်။

မျက်နှာတစ်ခြမ်းမှာ အမှောင်ထုထဲ၌ ကျရောက်နေပြီး အမှောင်ထဲတွင်ပင် တလက်လက်တောက်ပနေသော မြကျောက်ရောင်မျက်ဝန်းက နားမလည်နိုင်သည့် ခံစားချက်များနှင့်ပြည့်နှက်နေကာ သက်ရှိမကောင်းဆိုးဝါးတစ်ကောင်လို ခံစားရစေ၏။

တည်တံ့နေသည့် ရုပ်အသွင်အပြင်က မည်မျှပင် ယခုအခြေအနေ၌ အလေးထားကြောင်း ဖော်ပြနေလျက်ရှိကာ ထိုလူသည် ကျည်ကာကို လျင်မြန်သည့်အလျင်ဖြင့် ကိုယ်ကျပ်ဝတ်စုံပေါ်မှထပ်ကာ ဝတ်ဆင်လာသည်။ထို့နောက် ကျည်ဆန်ကတ်များ အပြည့်ပါသည့်အိတ်ကို ခါးတွင်ချိတ်လိုက်ပြီး ‌နောက်ဆုံးအကြိမ်အဖြစ် သေနတ်ကို စစ်ဆေးလိုက်၏။

‌သေနတ်မောင်းကိုဆွဲကာ အရှေ့တည့်တည့်ရှိ ကတ်ထူစက်ဝိုင်းပုံစံပစ်မှတ်ကို ချိန်ရွယ်လိုက်ပြီးနောက် တုံ့ဆိုင်းခြင်းမရှိစွာဖြင့် မျက်တောင်တစ်ချက်မခတ်ဘဲ ခလုတ်ကိုနှိပ်ချကာ ကျည်ဆန်ကို အရှေ့အရပ်သို့ အရှိန်နှင့်ထွက်သွားစေလိုက်သည်။ထွက်သွားသည့်အရှိန်နှင့် တိတ်ဆိတ်လျက်ရှ်ိနေသေးသော ပတ်ဝန်းကျင်ကြောင့် သေနတ်ကိုင်ထားသည့်လူ၏ နှုတ်ခမ်းထောင့်များက ကျေနပ်စွာ အပေါ်သို့ ကွေးညွှတ်သွားရ၏။

လုပ်စရာအလုပ်များပြီးသည်နှင့် မျက်နှာပေါ်ရှ်ိအပြုံးမှာ ချက်ချင်းပျောက်ကွယ်သွားကာ အေးစက်၍ လူသတ်ရန်ဝန်မလေးသော မျက်နှာထားဖြင့် ထိုလူက အနောက်ကို တစ်ချက်လှည့်မကြည့်ဘဲ ထွက်သွားတော့သည်။

ယမ်းနံ့အနည်းငယ် ကျန်ရှ်ိနေသေးသည့် အမှောင်တစ်ဝက် ဖုံးလွှမ်းနေသော အခန်းငယ်ထဲတွင်တော့ အလယ်တည့်တည့်၌ အပေါက်တစ်ခုဖြစ်ထွန်းနေသော ကတ်ထူစက်ဝိုင်းတစ်ခုသာ ကျန်နေခဲ့တော့၏။
_________________________________________

မှိုင်းဟန်မြခေတ် {Hiatus}Where stories live. Discover now