အပိုင်း-၁၇

2.1K 134 50
                                    

[ Unicode]

ရုံးဆင်းလာပြီးတော့ ဘတ်စ်ကားမှတ်တိုင်ကိုလှမ်းကြည့်လိုက်ရာ ဇာနည်လင်းထွဋ်ကို မတွေ့ရချေ။ ပြောစကားတော့ နားထောင်သားပဲဟုသာ တွေးလိုက်မိပြီး လမ်းလျှောက်လာရင်း ထမင်းဆိုင်အရောက် ညနေစာအတွက် ဟင်းနှစ်ယောက်စာ ဝယ်ယူ၍ ဟင်းထုပ်ကလေးအား ဆွဲကာ တိုက်ခန်းဆီသို့ လျှောက်လှမ်းမိပါ၏။

တံခါးကိုဖွင့်၍ တိုက်ခန်းထဲသို့ ဝင်လိုက်သောအခါ ကြိုတင်ရောက်နှင့်နေသော ဇာနည်လင်းထွဋ်က သူ့အား ပွေ့ဖက်ပြီး ခါးမှကိုင်မြောက်ချီကာ မလိုက်၏။

"ဦးဏ ပြန်လာပြီလား။ ကျွန်တော်အရမ်းလွမ်းနေတာ"

တွေ့တွေ့ချင်းမှာတင် အကဲပိုပိုစကားများကိုပြောဆိုပြီး သူ့အား ချီမထားသောကြောင့် ခြေထောက်များမှာ မြေပြင်နှင့် မထိဘဲ အနည်းငယ် လွတ်နေသဖြင့် မနေတတ်ဖြစ်စွာ ရုန်းကန်ရသေးသည်။

"ဘာလုပ်တာလဲ ဇာနည်လင်းထွဋ်။ အောက်ချပေးစမ်း"

လေသံမာမာနှင့် အော်ဟစ်လိုက်တော့မှ စပ်ဖြီးဖြီးအမူအရာဖြင့် ချီမထားခြင်းကို အောက်သို့ ပြန်ချပေးလေတော့သည်။ မှုန်ကုပ်ကုပ်အကြည့်တစ်ချက် ပေးလိုက်ရာ ဟီးခနဲတစ်ချက်ရယ်ပြပြီး ခါးကိုဖက်ထားသော လက်ကိုတော့မဖယ်ပေးသေး။

"အရမ်းလွမ်းသွားလို့ပါ ဦးဏရဲ့"

"အိန္ဒြေကိုမရဘူး"

ဇာနည်လင်းထွဋ်၏ ရင်ဘတ်အား တွန်းထုတ်လိုက်ပြီး လက်ထဲကအိတ်ကို စားပွဲပေါ်တင်ကာ ဝယ်လာသောဟင်းထုပ်အား ကမ်းပေးလိုက်သည်။ နာခံစွာဖြင့် ဟင်းထုပ်အားယူသွားပြီးနောက် ပါးကိုဖြတ်ခနဲနမ်းပြီး အိမ်နောက်ဖေးသို့ အလျှင်အမြန်ပြေးဝင်သွားတော့သည်။

"မင်း...."

ဆူပူပြောဆိုလိုက်ချင်သော်ငြား အိမ်နောက်ဖေးတွင် ဟင်းများကို ပန်းကန်ထဲသို့ လှယ်ထည့်နေသူမှာတော့ မသိချင်ယောင်ဆောင်နေတော့၏။ ထို့ကြောင့်သာမျက်မှောင်တစ်ချက်ကုတ်၍ စိုက်ကြည့်ပြီးနောက် ရေမိုးချိုးရန်သာ ပြင်ဆင်ရပါတော့သည်။

ရေချိုးခန်းထဲက ထွက်လာချိန်မှာတော့ သူ့အား ခြေဆုံးခေါင်းဆုံး လိုက်ကြည့်နေလေသူ။

𝑫𝒂𝒕𝒊𝒏𝒈 𝑾𝒊𝒕𝒉 𝑺𝒊𝒏𝒈𝒍𝒆 𝑴𝒂𝒏 [Complete]Where stories live. Discover now