အပိုင်း-၁၂

2.2K 158 55
                                    

[Unicode]

ပူလောင်ပြင်းပြသော လက်ဖဝါးပြင်ကျယ်နှစ်ခုအကြားမှာ ရောက်ရှိနေရပြီး ထွက်ပြေးစရာ လမ်းလဲမရှိ။ နီးကပ်နေသော ခန္ဓာကိုယ်နှစ်ခုကြောင့်လည်း နှာဖျားဝနားသို့ လေငွေ့နွေးနွေးတွေက မြန်ဆန်စွာ ထိခတ်တိုက်ခတ်သွား၏။

"ဦးဏ"

ခေါ်သံအား နားစွင့်ကာ အသံလာရာဆီ ကြည့်လိုက်မိတော့ စူးရှတောက်ပနေသည့် အကြည့်တစ်စုံနှင့် သွားဆုံ၏။ ဇာနည်လင်းထွဋ်က သူ့မျက်နှာအား လက်ဖဝါးနှစ်ဖက်ထဲ ထည့်ကာ ညင်သာစွာ ကိုင်တွယ်ထားပြီး ခန္ဓာကိုယ်ကိုလဲ နံရံနှင့် ထိကပ်ထား၏။

"အရမ်းချစ်တယ်နော်"

ပါးနှစ်ဖက်ကို လက်မလေးဖြင့် ခပ်ဖွဖွလေးပွတ်ကာ ချော့မြှူပြောဆိုနေသံကြောင့် သူ့မှာဒူးများပင် ညွှတ်ခွေချင်လာသည်။ သို့ပေမယ့် ခေါင်းကိုလဲ မညိတ်မိသလို၊ ဘာမှလဲ ပြန်မဖြေမိခဲ့။ ဘာမှမတုံ့ပြန်နိုင်ပါဘဲ ဇာနည်လင်းထွဋ်၏ ညှို့မျက်ဝန်းများကို သတိလက်လွတ်ငေးမောမိလိုက်ဖို့ရာပဲ တတ်နိုင်ပါတော့တယ်။

နဖူးထက်တွင် အပူဓာတ်ငွေ့ငွေ့လေး တစ်ခု ကျရောက်လာသည်ကြောင့် တစ်ချက် တုန်ယင်သွားသော နှလုံးခုန်သံ။ ပြီးနောက် ပြန်လည်ဆုံတွေ့လာသော အကြည့်တွေအားရှောင်ဖယ်လိုက်ပြီး တံတွေးတစ်ချက်ကိုကြိတ်၍မျိုချကာ နှလုံးခုန်သံအား ထိန်းချုပ်ကန့်သတ်လိုက်မိသည်။ ထို့နောက်တွင်တော့ မျက်နှာအနားသို့ တဖြည်းဖြည်းတိုးကပ်လာသော ဇာနည်လင်းထွဋ်ကြောင့် နောက်ဆုံးသော အသိလက်ကျန်လေး တစ်စက်ဖြင့် မျက်နှာကို ဘယ်ဘက်သို့ ရှောင်ဖယ်လွှဲလိုက်ပါသည်။

"အင်းပါ။ ဦးဏမကြိုက်ရင် မလုပ်တော့ဘူးနော်"

သဘောတကျ ရယ်သံလေးနောက်မှာ သူ့သဘောဆန္ဒအား အလေးထားပေးသည့်အလား နောက်တစ်ခါတော့ ထပ်မကြိုးစားတော့ချေ။ သို့သော်လည်း ပါးပြင်နှစ်ဖက်ကိုတော့ ခပ်ဖွဖွပွတ်သပ်နေဆဲ။

"ဖယ်....ဖယ်တော့"

ဇာနည်လင်းထွဋ်၏ ရင်ဘတ်အား တွန်းကန်လိုက်တော့ မတော်တဆထိမိသည့်နေရာက တဒုတ်ဒုတ်ခုန်ကာ အဆက်မပြတ်လှုပ်ခါနေသည့် နှလုံးသား။ အဆမတန် ခုန်ပေါက်နေသည့် နှလုံးသားကြောင့် ဝဏ္ဏပြည့်စုံလဲ ဇာနည်လင်းထွဋ်အား မော့ကြည့်လိုက်မိသည်။

𝑫𝒂𝒕𝒊𝒏𝒈 𝑾𝒊𝒕𝒉 𝑺𝒊𝒏𝒈𝒍𝒆 𝑴𝒂𝒏 [Complete]Onde histórias criam vida. Descubra agora