Book 31 Chapter 433

29 2 0
                                    

Uni

အခန်း (၄၃၃) ထူးခြားတဲ့ရုပ်ခန္ဓာပိုင်ဆိုင်တဲ့သိုင်းကျင့်ကြံသူ

ဖုရန်တိုင်းပြည်မြို့တော် ခန်းဟယ်တွင် ဖြစ်ပေါ်ခဲ့သော ကြီးမားသည့်ပြဿနာကြီးကြောင့် သွေးနီတိမ်တိုက်ဂိုဏ်းတစ်ခုလုံး အလွန်တရာ ထိတ်လန့်တုန်လှုပ်ကြရသည်။ မဟာကပ်ဘေးကြီးမတိုင်ခင်က တည်ရှိခဲ့သော ဒဏ္ဍာရီလာဖီရှိုးသတ္တဝါမှာလည်း ဤကမ္ဘာတွင် ပထမဆုံးအကြိမ် ပြန်လည်ထွက်ပေါ်လာခဲ့သည် မဟုတ်လား။

ဤသတင်းများ ပျံ့နှံ့သွားပြီးနောက် မျောလွင့်ဝိညာဉ်ကမ္ဘာ၏ စွမ်းအားစုများစွာက ရန်ကျောက်ကဲတို့အုပ်စုကို အလွန်အာရုံစိုက်လာခဲ့ကြသည်။

သွေးနီတိမ်တိုက်ဂိုဏ်းက မျော်လွင့်ဝိညာဉ်ကမ္ဘာ တောင်ပိုင်းဒေသတွင် သြဇာလွှမ်းမိုးပြီး နဂါးစိမ်းတောင်ကတော့ မျောလွင့်ဝိညာဉ်ကမ္ဘာ၏ အနောက်ဘက်ခြမ်းဒေသများကို လွှမ်းမိုးအုပ်ချုပ်သည်။

နှင်းကြိုးကြာဂိုဏ်းက အနောက်ဘက်တောင်တန်းများရှိ 'နှင်းကျောက်စိမ်းတောင်တန်း' ထက်တွင်တည်ရှိပြီး ဂိုဏ်းစတင်တည်ထောင်ကတည်းက ထိုနေရာတွင် အခြေစိုက်ခဲ့သည်ပင်။

ဂိုဏ်းတည်ထောင်ခဲ့သည်မှာ အချိန် (၁၀)နှစ်ကျော်သာ ရှိသေးသော်လည်း မျောလွင့်ဝိညာဉ်ကမ္ဘာတွင် ထင်ရှားသောဂိုဏ်းတစ်ခုအဖြစ် နာမည်ကျော်ကြားလေ၏။

နှင်းကြိုးကြာဂိုဏ်းချုပ် 'ကျောက်စိမ်းကြိုးကြာ' စူးယွင်၏ သမီးဖြစ်သူက နဂါးစိမ်းဂိုဏ်းချုပ်၏သားနှင့် လက်ဆက်ခဲ့သည့်အပြင် စူးယွင်ကိုယ်တိုင်ကလည်း အလွန်တရာ စွမ်းအားမြင့်မားသူဖြစ်လေရာ ပတ်ဝန်းကျင်ရှိ စွမ်းအားစုတိုင်းက သူမကို အထင်ကြီးလေးစားကြသည်။

ရန်ကျောက်ကဲတို့အုပ်စုကတော့ နှင်းကျောက်စိမ်းတောင်တန်းတည်ရှိရာ အနောက်မြောက်ဘက်သို့ အလျှင်အမြန် ဦးတည်ခရီးနှင်လာခဲ့ကြသည်။

ရွှီဖေးက...

"ဒီ မျောလွင့်ဝိညာဉ်ကမ္ဘာက ဝိညာဉ်စွမ်းအားစီးဆင်းမှုတွေက မတည်ငြိမ်တော့ ငါတို့လို သိုင်းကျင့်ကြံသူတွေအတွက် ချီစွမ်းအားစုပ်ယူကျင့်ကြံဖို့ မသင့်တော်ဘူး ၊ ဒီကမ္ဘာမှာ အဲဒီလိုနည်းလမ်းနဲ့ကျင့်ကြံမယ်ဆိုရင် အောင်မြင်မှုလုံးဝမရနိုင်ဘူးလို့ မဆိုနိုင်ပေမယ့် အဆပေါင်းများစွာကြိုးစားဖို့တော့ လိုအပ်တယ် ၊ လူသားတွေရဲ့သက်တမ်းက အကန့်အသတ်ရှိတယ်လေ ၊ အချိန်မီ မအောင်မြင်နိုင်ရင် အဆုံးသတ်မှာ အသက်ကြီးလာပြီး သေသွားရမှာပဲ မဟုတ်လား"

မိုးကောင်းကင်၏ မဟာအကြံအစည် (MM Translation) Part IIIWhere stories live. Discover now