အကြည့်များကိုလွှဲလိုက်ရင်း ပြတင်းမှန်မှတဆင့် မြို့​တော်ကြီး၏ရှုခင်းကို လှမ်းကြည့်လိုက်၏။တစ်ခုထက်တစ်ခု ပိုမြင့်​သော အထပ်မြင့်တိုက်ကြီးများ ၊ ခမ်းနားကြီးကျယ်လွန်းလှ​သော အိမ်​တော်ကြီးများ ၊ သန်းနှင့်ချီ​သော လူဦး​ရေများ ထို့အပြင် မျက်လှည့်ဆရာပင် လိုက်မမှီနိုင်​တော့သည့် ကမ္ဘာကြီး၏အလှည့်အ​ပြောင်းများ တဖြည်းဖြည်းနှင့် ကမ္ဘာ​မြေပြင်ကြီးအထက်သို့​ရောက်ရှိသွားကာ မျက်ဝန်းတစ်စုံ​ရှေ့တွင် အဖြူ​ရောင်တိမ်တိုက်များသာရှိ​နေ​တော့၏။

လု​ဝေ့ရှီ၏ပုံရိပ်​လေးက သူ၏နှလုံးသားအထက်တွင် အငြင်သာဆုံးထင်ဟပ်​နေခဲ့ကာ ​နေ​ရောင်ခြည်​နွေး​နွေး​အောက်တွင် ခပ်ဖွဖွ​လေးလွင့်​ပျံ​ဝဲနေသည့် ငှက်​မွှေးစ​လေးတစ်ခုလို ၊ ကံကြမ္မာစီရင်စက်ကွင်းအတွင်းမှ လုံးဝပယ်ဖျက်ငြင်းဆန်မရှိ​တော့မည့် အသံတိတ်သီချင်းတစ်ပုဒ်ကို နားဆင်​နေရသလို။

မည်သို့ပင်ထင်ဟပ်​နေခဲ့ပါ​စေ ​လေတစ်ချက်အ​ဝှေ့တွင် ကန်​ရေပြင်​ပေါ်ကျသွားရမည့်ပန်းပွင့်ချပ်​လေးတစ်ခုလိုသာဖြစ်၏။ ​ရေပြင်ထက်သို့ဆင်းသက်ချိန်​လေးခဏ ​ရေပြင်နှင့်ပန်းပွင့်ချပ်ထိခတ်လိုက်သည့် သာယာ​ဖွယ်စည်းချက်သံကို ကြားလိုက်ရမည်ဖြစ်​သော်လည်း အဆုံး၌ ငြိမ်သက်သွားခဲ့မည်သာဖြစ်၏။

လက်ထဲတွင် ကိုင်ထားသည့် သတင်းစာကိုချပြီး မျက်ဝန်းတစ်စုံကို အငြင်သာဆုံးမှိတ်ချလိုက်၏။

၆လ ကြာပြီး​သော်......

ဤမြို့​တော်ကြီး၏ ၈လပိုင်းကာလသည်ကား မိုးရာသီဖြစ်​လေရာ သည်းကြီးမည်းကြီးကိုရွာသွန်းသည့်အချိန်လည်းဖြစ်၏။​မှောင်​မှောင်မည်းမည်း စိုစိုထိုင်းထိုင်းဖြစ်​နေသည့် ​နေ့ရက်များကြားမှ ရှားရှားပါးပါး​ နေသာသည့်​နေ့တစ်​နေ့ရှိ​လာသော်လည်း ရာသီဥတုက အသက်ပင်မရှူချင်​လောက်​အောင် ပူပြင်းပြန်၏။

လင်း​လော့ချွမ်က ကား​ပေါ်တွင်ထိုင်ရင်း ပြတင်းမှန်မှတဆင့် အပြင်ဘက်လမ်းသွားလမ်းလာရှုခင်းများကို ​ငေးကြည့်​နေ၏။အချိန်ကာလ နှစ်တစ်ဝက်ကြာသွားပြီး​နောက် ဤမြို့ပြကြီးက အ​တော်ကြီးကို​ပြောင်းလဲသွားခဲ့သည်ဟုဆိုရမည်။​နေရာတိုင်းတွင် ပြန်လည်မွန်းမံထားသည့်အ​ဆောက်အဦး အသစ်တည်​ဆောက်ထားသည့်အ​ဆောက်အဦးတို့အပြည့်​​နေရာယူလာကြသည်။

Alluring [ ဘာသာပြန် ]Where stories live. Discover now