~တိမ်~(Extra)

149 9 0
                                    

အပိုင်း (၂)

အချစ်က ဘာအရောင်ဖြစ်မယ်လို့ ထင်သလဲ
အဲဒီနေ့က တိမ်တွေက အနီရောင်ရဲရဲ

ဒီနေရာမှာ သူရှိနေမလား မသေချာတာတောင် ဝင်သွားဖို့ကို တွန့်ဆုတ်နေမိသည်။အခုအချိန် အထိ သတ္တိ အပြည့်အဝမရှိသေးသည့် ကိုယ့်ကိုယ်ကို အားမလို အားမရ ဖြစ်မိသည်။
ဒါပေမယ့် လွန်ခဲ့တဲ့ တစ်နှစ်ခွဲကျော် Mr.Hudson နှင့် မတွေ့ခင်တုန်းက လေလွင့်နေခဲ့သည့် အချိန်တွေနှင့် ယှဥ်လျှင်တော့ ကိုရီးယားကို အရောက်ပြန်လာနိုင်ခဲ့သည်မှာ နည်းလှသည့် တိုးတက်မှုတော့ မဟုတ်။
တွေဝေနေတာတွေ၊ကိုယ့်ကိုယ်ကိုယ် အပြစ်တင်နေတာတွေ၊ကြောက်ရွံ့နေတာတွေ မှော်ပစ္စလက်နှင့် ယူလိုက်သလို ပျောက်သွားတာမျိုး မဟုတ်သည့်တိုင် ကျွန်တော့်ကိုယ် ကျွန်တော် လက်ခံလာနိုင်သည့် အခြေအနေကိုတော့ ရောက်နေပြီဖြစ်သည်။

ကျွန်တော်တို့တွေ တစ်စုံတစ်ခုကြောင့် ပူဆွေးကြရတဲ့အခါ ဒီဒဏ်ရာတွေဟာ ဘယ်တော့များပျောက်ကွယ်သွားလိမ့်မလဲလို့ အမြဲတွေးမိကြသည်။’အချိန်က ကုစားသွားလိမ့်မယ်’ ဆိုတဲ့ စကားလည်းရှိတယ်မလား။တကယ်တော့ ဒီဒဏ်ရာတွေဟာ အနာကျက်သလို လုံးဝပျောက်ကွယ်မသွားနိုင်သလို ဖြေးဖြေးချင်း သေးငယ်လာတတ်တာမျိုးလည်း မရှိပေ။သူ့အတိုင်းရှိနေသည့် ဒဏ်ရာတွေကိုပဲ ကျွန်တော်တို့ အသားကျလာရင်း ထိုဒဏ်ရာတွေ ကို
ခံစားချက်အသစ်တွေ ၊ ပျော်ရွှင်မှုအသစ်တွေ ဝန်းရံရင်း ဘဝကို ရှေ့ဆက်ကြရမည် ဖြစ်သည်။

ကိုရီးယားကို ပြန်လာတာဟာ ကျွန်တော့်ဘဝကို အသက်ပြန်သွင်းဖို့အတွက် ပထမဆုံးခြေလှမ်းဖြစ်မည်ဆိုလျှင် သူ့အဆီ အရောက်သွားဖို့က ကျွန်တော် အားယူနေရသည့် ဒုတိယမြောက်ခြေလှမ်းဖြစ်သည်။
မှန်တံခါးလေးကို ဖွင့်ပြီးဝင်လိုက်ချိန်မှာပဲ  ချောင်ကျကျဝိုင်းလေးမှာ  တစ်ယောက်တည်းထိုင်နေသည့် သူ့ကို လှမ်းမြင်လိုက်ရသည်။ကျွန်တော် တခဏတာ အသက်ရှုရပ်သွားရသည်။ကျွန်တော်တို့ မတွေ့ဖြစ်ကြတာ နှစ်နှစ်လား သုံးနှစ်လား မသဲကွဲတော့။သူ့ကို နောက်ဆုံးတွေ့ခဲ့တာ ဘယ်တုန်းကပါလိမ့်။ကျွန်တော် ထပ်ပြီးထွက်ပြေးချင်လာပြန်သည်။

ကျွန်တော် တွေဝေနေစဥ်မှာ သူ ကောင်တာဘက်လျှောက်သွားတာမြင်လိုက်တော့ အပြေးလိုက်သွားဖို့ပြင်လိုက်သည်။ဒါပေမယ့် ကျွန်တော့်ခြေထောက်တွေက နေရာမှာ သံမှိုဆွဲသလို။

ဆိုင်ရဲ့အလည်က ကွက်လပ်နေရာလေးမှာ ရှိနေသည့် စန္ဒယားလေးရှေ့ သူထိုင်တော့မှ ကျွန်တော် သက်ပြင်း အကြီးကြီးချလိုက်ရင်း ထိုင်ချလိုက်သည်။ကျွန်တော်တော့ တကယ်ကို မဖြစ်သေးဘူးပဲ။

“ What would I do without your smart mouth ? Drawing me in and you kicking me out “

စန္ဒယားသံချိုချိုနှင့် တွဲလျက်ထွက်လာသည့် မကြားရတာ အတော်ကြာပြီဖြစ်သည့် သူ့အသံ။ကျွန်တော့် တစ်ကိုယ်လုံး လျှပ်စစ်စီးသွားသလို ခံစားလိုက်ရသည်။ဝမ်းနည်းမှုလား၊ပျော်ရွှင်မှုလား၊လွမ်းဆွတ်မှုလား။အသံကုန်ဟစ်ပြီး အော်ဟစ်ပစ်ချင်လာသည်။ရင်ဘတ်ထဲ စို့နင့်နေသည်က မခံမရပ်နိုင်စွာ။

ကျွန်တော်သူ့ကို ချစ်လိုက်တာ သေမလိုပါပဲ။

ကျွန်တော် မှတ်မိပြီ။ကျွန်တော် အဲဒါကြောင့် ထွက်ပြေးချင်ခဲ့တာပဲ။ပင်လယ်လှိုင်းလုံးတွေလို တလိမ့်လိမ့် အဆက်မပြတ်ရိုက်ခတ်နေသည့် ဒီခံစားချက်တွေကြောင့် အသက်ရှူရပ်မတတ်။ဟုတ်တယ်။သူ ဒီလို အဆမတန် လွှမ်းမိုးမှုတွေကနေ ထွက်ပြေးချင်ခဲ့တာ။
ဒါပေမယ့် ထပ်ပြီးအမှားတွေ ကျူးလွန်လို့ မဖြစ်တော့ဘူး။Chanyeol  လက်သီးကို ခပ်တင်းတင်းဆုပ်ရင်းပဲ ခုဏက Baekhyun ထိုင်နေသည့် စားပွဲမှာ ခပ်တည်တည်ပဲ ဝင်ထိုင်နေလိုက်သည်။

တစ်ချိန်လုံး တစ်ဖက်မှာရှိနေသည့် ကော်ဖီခွက်လေးကို ထိုင်ငေးနေရင်းက သီချင်းသံရပ်သွားတော့ မနေနနိုင်စွာပဲ သူရှိရာကို လှမ်းကြည့်လိုက်မိသည်။အကြည့်ချင်းဆုံသွားသည့် အခိုက် သူ့ရဲ့ တည်ငြိမ်လွန်းလှသည့် အပြုံးကို မြင်လိုက်ရသည်။

အာ... ဘယ်လိုမှ အရင်အချိန်တွေဆီ ပြန်မသွားနိုင်တော့ဘူးပဲ။

ဒီကြားထဲက အချိန်တွေကို ကျွန်တော် ဘာတွေလုပ်မိတယ်၊ ဘာတွေပြောမိတယ်မသိ။သတိထားမိသည့် အချိန်မှာ သူက ကျွန်တော့် အရှေ့မှာ ထိုင်နေပြီး
ကျွန်တော်တို့ နှစ်ယောက် သာမန်မတွေ့ရတာကြာပြီဖြစ်တဲ့ သူငယ်ချင်းတွေလို
စကားစမြည်ပြောနေခဲ့တာဖြစ်သည်။

ဒီအတိုင်းလေးပဲ ဖြစ်တာပဲ။ အဆင်ပြေနေတာပဲ။
အေးစက်နေပြီဖြစ်သည့် ကော်ဖီခွက်နှုတ်ခမ်းလေးပေါ် ဆော့ကစားနေသည့် သူ့ လက်ကလေးကို ငေးရင်း လွတ်ခနဲ ထွက်သွားမိသည်။

“ ကိုယ် လေးထောင့်လေးကို အရမ်းတွေ့ချင်နေလို့  ကိုယ် အရမ်းလွမ်းနေခဲ့တာ”

သူကလည်း လွမ်းနေခဲ့တာပါတဲ့။ကျွန်တော် မျက်နှာ ဘယ်လိုဖြစ်နေမယ်မသိ။ကျွန်တော် ပြုံးတော့ ပြုံးမိသည် ထင်သည်။

ကျစ်။ဒီအတိုင်းလေး ဘယ်လိုမှ မဖြစ်ဘူး။ဒီအတိုင်းလေး တကယ်ကို အဆင်မပြေဘူး။

“ကိုယ် “

ကျွန်တော် ဒီလောက်နဲ့ပဲ ကျေနပ်လိုက်သင့်လား။ကျွန်တော် ရပ်လိုက်သင့်လား။

“ ပြောလေ Chan ရဲ့ “

သူက စကားထောက်သည်။မဟုတ်သေးဘူး။
ကျွန်တော် ထပ်ပြီး ထွက်မပြေးသင့်ဘူး။

“ ဒီစကားကို ဒီလို အခြေအနေမှာပြောသင့်လားဆိုတာ မသေချာပေမယ့် အများကြီးနောက်ကျနေပြီမို့ ဒီထပ်ပိုပြီးနောက်ကျလို့ မဖြစ်တော့ဘူး”

ကျွန်တော့် သူ့နှင့် အချိန်တွေ အများကြီးကြာမှ ပထမဆုံး မျက်လုံးချင်း ဆိုင်ကြည့်လိုက်သည်။သူ့ရဲ့မျက်လုံးမှေးမှေးလေးတွေကို ကျွန်တော်ဖြင့် အနမ်းတွေ ခြွေချင်လိုက်တာ။

“ ကိုယ်မင်းကို ချစ်တယ် “

သူ ရယ်သည်။ရယ်လိုက်တော့ သူ့ နှုတ်ခမ်းက လေးထောင့်ငယ်လေး အသွင်။

C•L•O•U•D Where stories live. Discover now