Ep 17 (U)

12K 1.9K 526
                                    

သက်လူ တစ်ညလုံးကောင်းကောင်း အိပ်မပျော်ခဲ့ပေ။ အိပ်မက်ထဲတွင် ကိုရဲခေါင်အား လူအများက လက်ညှိုးထိုး၍ ပြစ်တင်ရှုံ့ချနေကြသည်။ ကျောင်းမှ အပေါင်းအသင်းများကလည်း ရှောင်ဖယ်နေကြသဖြင့် သက်လူက လိုက်၍တောင်းပန်နေရသည်။ ထိုလူတွေက သက်လူအား "ခင်ဗျားကြောင့်" "ခင်ဗျားကြောင့်" ဟု ဝိုင်း၍ပြောဆိုနေကြ၏။

သက်လူ ဇောချွေးများပြန်ကာ လန့်နိုးလာရပြီး နံဘေးသို့ ယောင်ရမ်း၍ လက်ဖြင့်စမ်းမိခဲ့ရသေးသည်။ သက်လူ၏ နံဘေးတွင် ကိုရဲခေါင်က ရှိမနေခဲ့။ ရွှေဘိုမှပြန်လာပြီးကတည်း ကျောပြင်နောက်မှ လစ်ဟာနေမှုကို သက်လူမှာ ယခုထက်ထိအသားမကျနိုင်သေး။

သက်လူ အိပ်ယာမှစောစောထဖြစ်သော်လည်း ကာဖီခါးခါးတစ်ခွက်မှလွဲ၍ ဘာမှစားချင်စိတ်ရှိမနေခဲ့ပေ။ အိမ်အောက်ဆင်း၍ ယုန်ကလေးအား အစာကျွေးရင်း ချင်းတောင်မှ အဖြစ်ပျက်များက ခေါင်းထဲ၌ အစီအရီပေါ်လာကြပြန်၏။ ထိုမှတဖန် ရွှေဘိုမြို့၌ နွေးထွေးစွာနေထိုင်ခဲ့ရသည့် နေ့ရက်များ။

သက်လူ တစ်ခါမှမရခဲ့ဖူးသော စိတ်လက်ပေါ့ပါးပျော်ရွှင်မှုမျိုးတွေ ရခဲ့ရပါသည်။ သက်လူသည်လည်း ပုထုဇဥ်လူသားပေမို့ ထိုအခိုက်အတန့်များကို သည့်ထက်ပို၍လောဘတက်စွာ ဖမ်းဆုပ်ချင်မိရပါ၏။ သို့သော် ညကအိပ်မက်အား ပြန်တွေးမိသောအခါ သက်လူ၏လောဘတို့က နာကျင်စွာဖြင့် အငွေ့ပျံပျောက်ကွယ်ရပြန်သည်။

ကိုရဲခေါင်သည် ကျောင်းစာ၌ရော အားကစားဘက်တွင်ပါ ထူးချွန်၍ အများက လေးစားရိုသေရသော ကျောင်းသားကောင်းတစ်ဦးဖြစ်၏။ ရွှေဘို၌လည်း လူရာဝင်ဆံ့သော ပွဲကတော်ကြီး၏သားတစ်ဦးဖြစ်သလို ပွဲရုံမှအလုပ်သမားများကို ဦးစီးဦးဆောင်လုပ်နိုင်သည့် တက္ကသိုလ်ကျောင်းသား ပညာတတ်တစ်ဦးလည်းဖြစ်သည်။

ကျောင်းတွင်လည်း ကြေးရတတ်လူကုံထံအသိုင်းဝိုင်းမှ မိန်းမပျိုများ အစိုးရအရာရှိကြီးများ၏ သမီးများမှအစ ဗိုလ်ကပြားမလေးများအဆုံး ကိုရဲခေါင်ဆိုလျှင် ကြည်ဖြူချင်ကြသည်သာဖြစ်၏။ ထိုကဲ့သို့ အဆင်းရော အချင်းပါပြည့်စုံသည့် အမျိုးသားသည် ဂုဏ်ရည်တူအမျိုးသမီးတစ်ဦးနှင့် လက်ထပ်မှသာ တင့်တယ်ပေလိမ့်မည်။

"စတီဗင်သက်လူ" ၏ ကာဖီရေတစ်ခွက်/"စတီဗငျသကျလူ" ၏ ကာဖီရတေစျခှကျWhere stories live. Discover now