ရန်ကုန်တက္ကသိုလ်ဝန်းထဲတွင် အရောင်အသွေး အရွယ်အစား စုံလင်လှသော လူအများမှာ မျက်နှာတွင် အပြုံးပန်းကိုယ်စီပွင့်လန်းလျက် ပျားပန်းခတ်လှုပ်ရှား၍နေကြ၏။
သည်ကနေ့သည် နောက်ဆုံးနှစ် ကျောင်းသူကျောင်းသားများ၏ ဘွဲ့နှင်းသဘင်ကျင်းပရာနေ့။
ရဲခေါင်၏ အမေနှင့် အစ်မတို့ကလည်း အကြည်လေးအား လက်ဆွဲလျက် ရန်ကုန်တက်လာကြသည်။ ရဲခေါင် ဘီအေအောင်၍ ဘွဲ့ယူရသောနေ့တွင် ဘုရင်ခံနှင့် လက်ဆွဲနှုတ်ဆက်ရသည်ကို မြင်ချင်သည်က ပွဲကတော်ကြီးဒေါ်သန်းရုံ၏ တစ်ခုတည်းသော ဆန္ဒပင်။
ဒါလဟိုစီလမ်းရှိ အသိမိတ်ဆွေအိမ်များက လာရောက်တည်းခိုရန်ဖိတ်ခေါ်ကြသော်လည်း အမေက သူတပါးအားဒုက္ခမပေးလိုသည်မို့ ရွှေတိဂုံဘုရားကုန်းတော်ပေါ်ရှိ ဘုန်းတော်ကြီးကျောင်းတစ်ကျောင်းတွင်သာ တည်းခိုကြသည်။
သည်နေ့တွင်တော့ ဘွဲ့ယူရမည့် ကျောင်းသားကြီးများ၏ အခန်းတိုင်းလိုလို၌ လူစည်နေကြ၏။ ဖရက်ရှာကျောင်းသားများ ဘွဲ့ကြိုဂျူနီယာများ နှစ်ကျ ရက်ပီတာများ ခင်ရာမင်ရာ လူစု၍ ဘွဲ့ယူရမည့် ကျေင်းသားများ၏ ပြင်ဆင်နေမှုကို ဝိုင်းဝန်းကူညီနေကြသည်။ ရဲခေါင်၏ အခန်း၌လည်း လူစည်၍နေ၏။
"ကိုရဲခေါင် မျက်နှာချေမှုန့်လေးများ သုတ်စမ်းပါဦးလား... မျက်နှာပြောင်ကြီးကျ ကောင်းပါ့မလား"
"ဟာ... မတော်တာတွေဗျာ... ဘယ့်နှယ်"
ကျောင်းသားတစ်ယောက်၏ အကြံပေးချက်ကို ရဲခေါင်မှာ ပြာပြာသလဲငြင်းလိုက်ရ၏။ စာမေးပွဲရှုံးသဖြင့် ကျန်ရစ်ခဲ့ရသော အတန်းဖော်မိတ်ဆွေများက ရဲခေါင်အားကူ၍ ခေါင်းပေါင်း ပေါင်းပေးနေကြသည်။
"ကိုတင်ဖေ... ဖြည်းဖြည်းလုပ်စမ်းပါဗျ... ကျုပ်နဖူးတွေလည်း ကျိန်းစပ်နေပြီ"
"ဒီနေရာက မထောင်ဘူးဖြစ်နေသဗျ ကိုရဲခေါင်... ပြန်ဖြုတ်ဦးမှ တော်ရာကျမယ်"
ထိုစဉ် အခန်းတွင်းသို့ ကိုသက်လူရောက်လာ၏။
"ကိုရဲခေါင် ပြီးရင် အမေတို့ကိုသွားခေါ်ရဦးမယ်မဟုတ်လား... ကျွန်တော့်မော်တော်ကားနဲ့ သွားကြတာပေါ့"
YOU ARE READING
"စတီဗင်သက်လူ" ၏ ကာဖီရေတစ်ခွက်/"စတီဗငျသကျလူ" ၏ ကာဖီရတေစျခှကျ
Romance၁၉၃၀ ဝန်းကျင် ဒုတိယကမ္ဘာစစ်မဖြစ်မီကာလ ရန်ကုန်တက္ကသိုလ်ကြီးမှာ ပညတ်ချက်တွေကိုဆန့်ကျင်ရုန်းထွက်ပြီး ချစ်ခြင်းတရားတစ်ခုပေါက်ဖွားလာခဲ့တယ်... တွန့်ဆုတ်ခြင်းကင်းစွာနဲ့ ထိုချစ်ခြင်းတရားကို ဖော်ဆောင်ခဲ့သူက ရဲခေါင် ဆိုသည့်အမျိုးသားတစ်ယောက်... ရဲခေါင်ရဲ့ ချစ...