Ep 3 (Z)

3.6K 176 4
                                    

"ဘယ်လိုလဲ ဆရာကြီးရဲ့ .... သိပ်များ စိတ်ရှုပ်နေပြီမှတ်တယ်"

နှုတ်ခမ်းစွန်းမှာ စွန်းပေသွားသော ဘရန်ဒီတို့ကို လက်ညှိုးကလေးနှင့် မထိတထိ ပွတ်သုတ်ရင်း မေရီ က သက်လူကို မေးလာသည်။

"ကျွန်တော် အဆင်ပြေပါတယ် မေရီ"

"မေရီတော့ဖြင့် မထင်ပါဘူး... မေရီ ဇွတ်ခေါ်လာလို့ စတီဗင်က လိုက်လာရတာမဟုတ်လား... ဒီလိုနေရာမျိုးတွေဆို စတီဗင် ကြိုက်လှတာမဟုတ်ဘူးဆိုတာ မေရီသိပါရဲ့ရှင်...အဟင်းဟင်း"

မေရီ့အပြောကို သက်လူ ပြုံး၍သာ ခေါင်းခါပြလိုက်သော်လည်း သည်လိုဆူဆူညံညံ ပျော်ပွဲစားရုံတွေ... မွှန်ထူနေသော အရက်နံ့တွေကို သက်လူက ဘဝင်မကျတတ်ပါ။ သို့ပေမဲ့ သည်ကနေ့ သည်ပျော်ပွဲစားရုံကို သက်လူ လာကိုလာရမည့် အကြောင်းကား ရှိနေလေ၏။

"ဟော စတီဗင်နဲ့ မေရီတို့ရောက်နေကြပြီလား... အိုင်တို့ကိုတောင် လာနှုတ်ဆက်ဖော်မရပါလားကွ"

ပါးလွှာသော မှန်စာအင်္ကျီရင်ဖုံး လက်ပြတ်အတွင်းမှ ဇာဘော်လီအနက်ရောင် ထိပ်ချွန်ဖြင့် ငွါးငွါးစွင့်သော ရင်အလှကို အသားပေးဖော်ကျူးထားသော ဝတ်စုံနှင့် လုံးကြီးပေါက်လှနေသော အမျိုးသမီးတစ်ဦး အနားရောက်လာကာ သက်လူနှင့် မေရီတို့ကို နှုတ်ဆက်သည်။ ခေါင်းပေါ်မှာ ထုံးဖွဲ့ထားသည်က ဗမာဆံထုံးလို့ ဆိုနိုင်ပေမယ့် နီရဲသော နှင်းဆီပွင့် တစ်ပွင့် ထိုးစိုက်ထားသည်က ဘိုဆန်နေပြန်သည်။

"ဟော မာဂရက်... အိုင်တို့က အခုပဲ ယူ့ကို လာရှာတော့မလို့ပါကွာ... ဒီမယ်... စတီဗင်က ယူ့ကို သိပ်တွေ့ချင်နေတာ"

"အိုင်ကလည်း ဟောဒီက ဆရာကြီးကို မိုက်ကယ်ရဲ့ မွေးနေ့ပွဲပြီးကတည်းက အမှတ်ရနေပါသတဲ့ရှင်"

မာဂရက်သက်လယ်...

သည်အမျိုးသမီးသည် သက်လူတွေ့ချင်နေရသည့်အမျိုးသမီး... ဗြိတိသျှအထက်တန်းလွှာတွေကြားမှာ လည်ဝယ်လွန်းလှသော အလှဘုရင်မတစ်ဦးအနေဖြင့် နာမည်ကြီးလှသော အမျိုးသမီး... အထူးသဖြင့် သက်လူ၏ မိထွေးတော် မေမေလှ၏ ချစ်လှစွာသောသား ဘိလတ်ပြန် ဝတ်လုံတော်ရကိုတင်လတ်နှင့် လူကြီးချင်းစပ်ဟပ်ပေးထားသဖြင့် မကြာခင်မှာ စေ့စပ်တော့မည့် အမျိုးသမီး။

"စတီဗင်သက်လူ" ၏ ကာဖီရေတစ်ခွက်/"စတီဗငျသကျလူ" ၏ ကာဖီရတေစျခှကျWhere stories live. Discover now