Ep 2 (Z)

4.6K 163 3
                                    

နံနက်ခင်း ၅နာရီခန့်မှစ၍ တကောင်းကျောင်းဆောင်ကြီးက လှုပ်လှုပ်ရွရွနှင့် သက်ဝင်နေပြီဖြစ်သည်။ ၆ နာရီအတိတွင် ခေါင်းလောင်းတီးသံနှင့်အတူ အဆောင်အောက်ထပ်ရှိ ထမင်းစားဟောလ်တွင် ဘရိတ်ဖတ်စ် သုံးဆောင်ကြရန်အတွက် အဆင်သင့်ဖြစ်လို့နေလေပြီ။

ကျောင်းသွားရန် ရှိုးစမိုးဂိုက် အပြည့်ဖြင့် မင်းသားရှုံးနေကြသူများက ဘိုကေဆီတပြောင်ပြောင် ပိုးလုံချည်တရွှမ်းရွှမ်းနှင့် ဆိုက်ကျလို့ နေကြသည်။ ရဲခေါင်လည်း အဝတ်အစားတို့ကို သပ်ရပ်စွာ ပြင်ဝတ်လိုက်ပြီး နံနက်စာ စားရန်အတွက် အခန်းပြင်သို့ထွက်လိုက်သည်။ ဘေးအခန်းဆီသို့ အကြည့်ရောက်မိတော့ အခန်းတံခါးက သော့ခတ်ထားသည်ကိုသတိထားမိလိုက်သည်။

ဟိုဘက်နေ့က အခန်းတံခါးသော့မခတ်ထားသဖြင့် ရဲခေါင်ဝင်လိုက်မိသည်ကြောင့်များ ဒီကနေ့ သော့ခတ်ထားလေရော့သလား အတွေးဝင်မိပြီး စိတ်ထဲ၌ ကျွဲမြီးတိုမိရပြန်သည်။

ရဲခေါင် ထမင်းစားဟောလ်သို့ရောက်တော့ လူစုံသလောက်ပင်ရှိနေကြပြီ။ ရဲခေါင် မနှစ်ကထိုင်နေကျ စားပွဲရှည်၏ ထောင့်ဆုံးနေရာတွင် အင်္ဂလိပ်သတင်းစာတစ်စောင်ကို ဖတ်လျက် ကာဖီသောက်နေသော ကိုသက်လူကို တွေ့ရ၏။ သည်လူဟာ ရဲခေါင်၏နေရာမှန်သမျှကို တမင်များလိုက်ဦးနေသလားပင်ထင်ရအောင် တိုက်ဆိုင်နေသဖြင့် အမြင်မကြည်စိတ်က ပိုတိုးလာမိသလိုပင်။

ကိုသက်လူက သတင်းစာဖတ်နေရာမှ ဖျတ်ခနဲမော့အကြည့်တွင် ရဲခေါင်နှင့် မျက်လုံးချင်းဆုံမိကြသည်။ မနေ့ညနေက ရေချိုးခန်းမှ အကြောင်းရာကို ပြန်မြင်ယောင်လာမိသဖြင့် ရှိန်းတိန်းဖိန်းတိန်း ဖြစ်သွားရကာ ရဲခေါင်၏ ခြေလှမ်းတို့က မှားချင်ချင်။

အမျိုးသားတစ်ယောက်၏ ခန္ဓာကိုယ်ကို စေ့စေ့စပ်စပ် သွားကြည့်မိသဖြင့် ဘယ်လိုပြစ်မှုမျိုးမြောက်သလဲတော့ ရဲခေါင်မသိပေ။ ရဲခေါင်ကသာ အားနာအနေခက်နေရသော်လည်း အကြည့်ခံရသူ ကာယကံရှင်ကတော့ ဘာမှမဖြစ်ခဲ့သလိုပင်။ ထိုသို့တွေးမိရာမှ မနေ့ညနေက ရဲတွတ်လာသော နားသယ်စပ်နှင့် လည်ပင်းစပ်များကို ပြန်အမှတ်ရမိသွားသဖြင့် ကိုသက်လူ၏ လည်ပင်းနေရာကို အကြည့်ရောက်မိသွားရသည်။ အင်္ကျီကော်လာကို တောင့်နေအောင် ဝတ်ထားသဖြင့် လည်ပင်းသားတို့ကိုမမြင်ရ။ သပ်ရပ်စွာဖြီးသင်ထားသော ဆံပင်တို့အောက်မှ နားသည်စပ်ကလည်း ဖြူဝင်းစိမ်းညို့နေသည်။ ရဲခေါင် ရပ်ပြီးတွေးနေမိရာက အသိဝင်လာကာ ကိုသက်လူနှင့် ခပ်လှမ်းလှမ်းသို့ ထွက်လာခဲ့လိုက်သည်။ ကင်းကင်းနေဖို့ စိတ်ကူးထားပြီးပြီမို့ နေရာတွေလည်း လုမနေချင်တော့ပေ။

"စတီဗင်သက်လူ" ၏ ကာဖီရေတစ်ခွက်/"စတီဗငျသကျလူ" ၏ ကာဖီရတေစျခှကျWhere stories live. Discover now