ညနေအတန်းချိန်များပြီးတော့ ကိုဘမြင့်က စကော့မားကတ်သို့သွားကြရန် ရဲခေါင်အားအဖော်ညှိလာသည်။
"လိုက်ခဲ့စမ်းပါဗျ ခင်ဗျားနှယ်... တစ်ရက်တလေ တင်းနစ်မရိုက်လို့ သေမသွားပါဘူး...ကျူလယာတန်းသွားပြီး ရေမွှေးလေး ဘာလေးကြည့်ရအောင်ပါ... ကိုလှတင်ကလည်း မသန်းကြည်အတွက် မျက်ခုံးမွှေးဆွဲခဲတံ ဝယ်ချင်သပဆိုပဲ"
"တော်ပါပြီဗျာ ဒီညနေက ယူနီဗာစီတီအသင်းမှာ ကွန်ပီတီရှင်း ရှိလို့ပါဗျ"
ညနေ တင်းနစ်ပြိုင်ပွဲ ရှိသဖြင့် ရဲခေါင်က မလိုက်နိုင်ကြောင်း ငြင်းနေစဉ် ကိုလှတင်ရောက်လာသည်။
"ဦးအောင်ဇေယျကို ဒီအချိန်တော့ သွားမခေါ်လေနဲ့ ကိုဘမြင့်... ခင်ဗျား အမြှုတ်ထွက်တောင် လိုက်လိမ့်မယ်မထင်ဘူး... ကွန်ပီတီရှင်း ရှိရင် မခင်လေးက အမြဲလာအားပေးနေကျ မဟုတ်လား"
"မခင်လေးလာလည်း သူ့ဘေးမှာ ရွှေစွန်ညိုက အမြဲဝဲနေပါသော်ကောဗျာ... ကျုပ်တို့ အလောင်းမင်းတရားကြီးက ဒီနေရာမယ်တော့ တယ်ချာတဲ့လူ"
"ခင်ဗျားတို့ကလည်းဗျာ မခင်လေးနဲ့ ကိုသက်လူက သဘောရိုးတွေပါ... ကျုပ်အမြင်တော့ မခင်လေးက ကိုသက်လူကို မောင်ဘွားတစ်ယောက်လို သဘောထားနေတာပဲ"
"အားကျပါဘိဗျာ အရေးပိုင်သားက ဂရုစိုက်ခံအတန်းအစားကပါပဲ"
ကိုဘမြင့်က ခပ်ရွဲ့ရွဲ့ကလေးဆိုသည်။ ကိုလှတင်က ရဲခေါင်အား လက်တို့၍...
"အိုင်ဆေး ဦးအောင်ဇေယျ... ခင်ဗျား လူမလိုက်ချင်နေရစ်ခဲ့... ငွေလေးတော့ ထည့်ပေးလိုက်စမ်းပါဦး... ကျုပ်အိမ်က ငွေပို့တာ ခုထိမရောက်သေးဘူး...ကျုပ်မယ် စာအုပ်ဖိုး အသင်းဝင်ကြေးနဲ့ အိမ်ကိုလီဆယ်ပြီး တောင်းရတာလည်း မောလှပြီ"
ကျောင်းသား ကျောင်းသူတို့၏ထုံးစံအတိုင်း လက်ထဲ၌ငွေပြတ်လျှင် အကြောင်းပြချက်ပေါင်းစုံပြ၍ မိဘများထံစာပို့ကာ ငွေတောင်းလေ့ရှိကြသည်။ ထိုအထဲတွင် မသန်းကြည်အား ပိုးကြေးပန်းကြေးပေးနေရသော ကိုလှတင်သည် အဆိုးဆုံးပင်။
"ကိုလှတင်... ခင်ဗျားပိုးကြေးပန်းကြေးက တော်သင့်နေပြီ မထင်ဘူးလား... မသန်းကြည်ကြီးက ခင်ဗျားကိုလည်း ကျနေပါပြီဗျာ"
BẠN ĐANG ĐỌC
"စတီဗင်သက်လူ" ၏ ကာဖီရေတစ်ခွက်/"စတီဗငျသကျလူ" ၏ ကာဖီရတေစျခှကျ
Lãng mạn၁၉၃၀ ဝန်းကျင် ဒုတိယကမ္ဘာစစ်မဖြစ်မီကာလ ရန်ကုန်တက္ကသိုလ်ကြီးမှာ ပညတ်ချက်တွေကိုဆန့်ကျင်ရုန်းထွက်ပြီး ချစ်ခြင်းတရားတစ်ခုပေါက်ဖွားလာခဲ့တယ်... တွန့်ဆုတ်ခြင်းကင်းစွာနဲ့ ထိုချစ်ခြင်းတရားကို ဖော်ဆောင်ခဲ့သူက ရဲခေါင် ဆိုသည့်အမျိုးသားတစ်ယောက်... ရဲခေါင်ရဲ့ ချစ...