သက်လူ ကားပြတင်းပေါက်မှတဆင့် တရိပ်ရိပ်ဝေးကျန်ခဲ့သော ရန်ကုန်တက္ကသိုလ်ကြီးကို လှမ်းကြည့်ရင်း ရင်ထဲမှာ မွန်းကျပ်နေမိသည်။ ကားနောက်မြီးကို ငေးကြည့်၍ ကျန်ရစ်ခဲ့သော ကိုရဲခေါင်၏ ပုံရိပ်က မျက်စိထဲမှ မထွက်တော့ပေ။ သည်ရက်တွေထဲတော့ ကျောင်းလည်းပြန်တက်ခွင့်ရမည်မဟုတ်မှန်း ခန့်မှန်းမိရသည်။ ဤခွဲခွါမှုသည် တဒင်္ဂပဲဖြစ်သည်ဟုသာ မှတ်ယူရင်း သက်လူ အားတင်းရပါသည်။
သက်ပြင်းတချချဖြင့် ကားမောင်းနေသော ကိုတင်လတ်က ကန်တော်ကြီးစောင်းအနီးသို့ အရောက်တွင် ကားကိုလမ်းဘေးသို့ချ၍ ရပ်လိုက်၏။
"အိမ်ကိုပဲ တည့်တည့်မောင်းပါ ကိုကိုလတ်... ကျွန်တော် စကားတွေတယ်ပြီးမပြောချင်ပါဘူး"
သက်လူအပြောကြောင့် ကိုတင်လတ်က သက်ပြင်းရှည်ကြီးတစ်ချက် ချလိုက်ပြီး...
"ဘယ်တုန်းက ဒီလိုစိတ်မျိုးရှိနေရသလဲ သက်လူ... ကိုကိုလတ်ကဖြင့် သက်လူ ယောက်ျားတွေကို သဘောမကျဘူး ထင်ခဲ့မိတာပဲ"
"ကျွန်တော် ယောက်ျားတွေကို သဘောမကျပါဘူး ကိုကိုလတ်... စကားကို ဆင်ခြင်ပြီးပြောပါလေ"
"ဒါဖြင့် ဘယ်နှယ့်ဖြစ်လို့ ဒီလိုကိစ္စတွေဖြစ်လာရသလဲ သက်လူ!"
ကိုတင်လတ်အသံမှာ ဒေါသတွေ အနည်းငယ်ရောစွက်လာသည်။
"ကျွန်တော် ကိုရဲခေါင်တစ်ယောက်ကိုသာ မေတ္တာရှိတာပါပဲ"
သက်လူ ထိုသို့ပြောလိုက်တော့ ကိုတင်လတ်က မျက်နှာပျက်သွား၏။
"သက်လူက တခြားယောက်ျားတစ်ယောက်နဲ့ ဒီလိုမဖြစ်ရဘူး... ကိုကိုလတ်က ဒီလိုဖြစ်ခွင့်မပြုနိုင်သလို ဖေဖေကလည်း လက်ပိုက်ကြည့်နေမှာ မဟုတ်ဘူး"
"အဟက်"
သက်လူ လှောင်ရယ် ရယ်လိုက်မိသည်။ တခြားယောက်ျားတစ်ယောက်နှင့် ဟု ကိုတင်လတ်က စကားအသုံးအနှုန်းမှားသွားခဲ့၏။
"တခြားယောက်ျား တစ်ယောက်နဲ့ မဖြစ်ရဘူးဆိုတာ ဘာကိုဆိုလိုချင်သလဲ ကိုကိုလတ်"
ကိုတင်လတ်က သူ့စကားနှင့်သူ အကျပ်ရိုက်သွားဟန်ဖြင့် တစ်ဖက်သို့လှည့်သွားသည်။
YOU ARE READING
"စတီဗင်သက်လူ" ၏ ကာဖီရေတစ်ခွက်/"စတီဗငျသကျလူ" ၏ ကာဖီရတေစျခှကျ
Romance၁၉၃၀ ဝန်းကျင် ဒုတိယကမ္ဘာစစ်မဖြစ်မီကာလ ရန်ကုန်တက္ကသိုလ်ကြီးမှာ ပညတ်ချက်တွေကိုဆန့်ကျင်ရုန်းထွက်ပြီး ချစ်ခြင်းတရားတစ်ခုပေါက်ဖွားလာခဲ့တယ်... တွန့်ဆုတ်ခြင်းကင်းစွာနဲ့ ထိုချစ်ခြင်းတရားကို ဖော်ဆောင်ခဲ့သူက ရဲခေါင် ဆိုသည့်အမျိုးသားတစ်ယောက်... ရဲခေါင်ရဲ့ ချစ...