အပိုင်း - ၁၆

Start from the beginning
                                    

မှိုင်းဟန်မြခေတ် ထိုလူများ၏မျက်လုံးများကို သေချာကြည့်လိုက်တော့ အတွင်းသွေးကြောများက နီရဲနေပြီဖြစ်ကာ ခေါင်းပိုင်း၌ဖိအားများနေပုံပင်။မကြာခင်အချိန်၌ သွေးပေါင်ချိန်တိုးလာနိုင်ပြီး ခြေထောက်နှင့်ကျောရိုးကို ထိခိုက်တော့မည့်အခြေအနေသို့ ရောက်နေပြီဖြစ်၏။

ဇောက်ထိုးနေခြင်းသည် သွေးလည်ပတ်မှုအတွက် ကောင်းမွန်သော်ငြား တန်ဆေးလွန်ဘေးဆိုသည့်စကားအတိုင်း အလွန်အကျွံလုပ်လျှင်တော့ ဆိုးကျိုးများသာ ဖြစ်လာမည်ပင်။

"ဒီလူတွေက..မင်းကိုပြန်ခေါ်ဖို့ ရောက်လာတာဖြစ်နိုင်တယ်..၊သူတို့ရဲ့ခန္ဓာကိုယ်ပေါ်မှာ..လူတစ်ယောက်ကို ပြန်ပေးဆွဲဖို့ ပစ္စည်းကိရိယာကလွဲရင်..လူသတ်လက်နက်ပါမလာဘူး..၊ အဲ့တော့..ဖြစ်နိုင်ခြေက မင်းကို ပြန်ပေးလာဆွဲတာပဲ..Oh..ဒါပေမဲ့ ခေါင်းဆောင်လို့ထင်ရတဲ့လူဆီမှာတော့..သေနတ်တစ်လက်တွေ့တယ်.."

ခါတိုင်းလို ခပ်ကြီးကြီးအပြုံးကို ချိတ်ဆွဲလျက် ထိုလူက သူ့အနားသို့ လမ်းလျှောက်ရင်းပြောလာကာ ဘယ်အချိန်က ထုတ်လိုက်မှန်းမသိသည့် အိတ်ဆောင်ဓားဖြင့် တွဲလောင်းချည်ထားသည့် ကြိုးတစ်ချောင်းကို ပစ်လိုက်လေသည်။ထိုအခါ ပြုတ်ကျလာသည့်အသံနဲ့အတူ လက်နှင့်ခြေထောက်ကို ချည်နှောင်ခံထားရသည့်လူဆီမှ နာကျင်မှုကြောင့် ညည်းသံခပ်တိုးတိုး ထွက်ပေါ်လာသည်။

ကြမ်းပြင်ပေါ်ရှိဓားကို ကောက်လိုက်ပြီးနောက် Pesnoသည် လဲကျနေသောလူကို မတ်မတ်ထိုင်စေပြီး တောက်တောက်ပပ ပြုံးရင်းနှင့်ပင် ထိုလူ၏ဦးခေါင်း အနောက်လန်သွားသည်အထိ ဆံပင်တို့ကို ဆောင့်ဆွဲချလိုက်သည်။ဇောက်ထိုးချိတ်ခံထားရာမှ ရုတ်တရက် အတည့်ပြန်ဖြစ်သွားသည့်အတွက် သွေးစီးဆင်းရာလမ်းကြောင်းမှာ ပြောင်းလဲသွားသည့်အကျိုးဆက်အရ ထိုလူမှာ မူးနောက်သွားရလေသည်။ထို့အပြင် ‌ဆံပင်အရင်းဖျားမှ ဆောင့်ဆွဲခံလိုက်ရတာကြောင့် နာကျင်မှုဖြင့် မျက်နှာမှာလည်း ရှုံ့တွသွားရ၏။

သို့သော် ချက်ချင်းဆိုသလို ထိုလူ၏မျက်လုံးများက ပြူးကျယ်သွားသလို ဆို့ပိတ်ခံထားရသောပါးစပ်မှလည်း အော်ဟစ်သံ တဝူးဝူးက ထွက်ပေါ်လာလေသည်။အကြောင်းမှာ ထိုလူ၏ညာဘက်ပခုံးသည် ဓားဖြင့် ထိုးစိုက်ခံလိုက်ရသောကြောင့်ပင်။

မှိုင်းဟန်မြခေတ် {Hiatus}Where stories live. Discover now