"သမီးဘုန်းမြတ် စျေးသွားချင်လားသမီး။"
ထမင်းစားဝိုင်းတွင်ထိုင်ရင်းမှ မျက်နှာချင်းဆိုင်တွင်ရှိနေသော ပြတင်းတံခါးအပြင်ဘက်သို့ ရီဝေဝေကြည့်နေရင်းကပဲ မေမေ့စကားကိုခေါင်းယမ်းပြဖြစ်သည်။
"ဒါဆို မေမေအဖော်ရအောင်တော့ လိုက်ခဲ့လေ။"
"သမီးအဆင်ပြေပါတယ် မေမေရဲ့။"
ထိုထိတိုင်လည်း မေမေ့ဆီမကြည့်ဖြစ်သေးပဲ ပြတင်းပေါက်အပြင်ဘက်ကိုသာ ဦးတည်ရာမဲ့အကြည့်တွေလှမ်းထားမိတာဖြစ်သည်။"ဘုန်းမြတ်ရယ် အဲ့လိုကြီးမနေစမ်းပါနဲ့။"
ခြေနှစ်ဖက်လုံးကို ထိုင်ခုံပေါ်တင်ထားပြီး အကြည့်တွေအဝေးရောက်နေသည့် ဘုန်းမြတ်ရဲ့အခုလိုပုံစံမေမေ မကြိုက်တာလည်း ဖြစ်သင့်သည်။ သို့ပေမယ့်လည်း ဘုန်းမြတ်အတွက်တော့ ဤသို့ပုံစံမျိုးက သက်တောင့်သက်သာရှိလှသည်။
"သမီးကိုကြည့်ပြီး မေမေစိတ်မချမ်းသာဘူးကွယ်။ ဟိုမှာနေသလိုမျိုး တက်ကြွပြီးရဲရင့်တဲ့ပုံစံတွေနဲ့နေပါ သမီးရယ်။"
"အဲ့တာ ဟန်ဆောင်နေတာ....."
"ဘယ်လို ဘုန်းမြတ်.....။ သမီးဘယ်လိုတွေပြောနေတာလဲ။"
"ဟုတ်တယ် မေမေ။ အဲ့တာဘုန်းမြတ်ဟန်ဆောင်နေတာ.....။ မေမေ သိလား....သမီးလေ နေလို့လည်းမပျော်တော့ဘူး။ "
"မငိုနဲ့လေ သမီးရယ်။ ဘာဖြစ်လို့လဲ...သမီးဘာတွေဖြစ်နေတာလဲကွယ်။"
ထိုင်နေသည့်ဘုန်းမြတ်ဆီကို ဖက်တွယ်ပေးလာသည့် မေမေ့ကိုခါးကနေသိုင်းဖက်ထားပြီး ငိုချဖြစ်သွားတော့သည်။ ဒီရက်တွေမှာ မေမေနဲ့ဒီလိုနွေးထွေးမှုတွေမရရှိနိုင်တာ ကြာသွားပြီဖြစ်သည်။
ဘုန်းမြတ်ရင်ဆိုင်ခဲ့ရတဲ့ အရာတွေက ဘုန်းမြတ်ပဲနားလည်နိုင်တာဖြစ်သည်။ ဖြူစင်တဲ့စိတ်ထားနဲ့ မှန်ကန်တဲ့လမ်းကို ရွေးချယ်ခဲ့ပေမယ့်လည်း အကောင်းဆုံးဖြတ်သန်းနေရမည့် လူငယ်ဘဝကိုဆုံးရှုံးခဲ့ရသည်။
ထို့ပြင် ဘုန်းမြတ်ကိုယ်တိုင်တောင်မသိလိုက်ခင်မှာပဲ တန်ဖိုးထားရတဲ့ တကယ့်ရတနာလို ဖြစ်တည်မှုမျိုးနဲ့ လက်တွဲဖော်အဖြစ်အကောင်းဆုံးရှိမည့်သူတစ်ဦး၏ အသက်ကိုလည်း ပေးဆပ်ခဲ့ရသေးသည်။
YOU ARE READING
အဝါရောင်နေကြာတွေလို တည်ရှိမှု (Completed)
Poetryနေကြာတွေက သစ္စာရှိတယ်။ နေမင်းကြီးရှိရာအရပ်ကိုပဲ အမြဲမျက်နှာမူတယ်လေ။ အဲ့လိုပဲ နေကြာတွေလိုပဲ ညီမကလည်း အကိုကြီးရှိရာအရပ်ကိုပဲ အမြဲမျက်နှာမူမှာ။ ဘယ်တော့မှ ကျောခိုင်းမသွားဘူး။ အကိုကြီိးအတွက် စုစုက အဝါရောင်နေကြာတွေလို တည်ရှိမှုမျိုးနဲ့ ရှင်သန်နေမှာလေ။