Episode-20

4.6K 440 98
                                    

#Unicode

ဆေးရုံရှေ့ထိုးရပ်လိုက်သည့် တက္ကစီပေါ်ကနေ ‌ဆင်းလာသော ခြေထောက်တွေဟာ သိပ်မခိုင်ချင်...။ နှေးကွေးလှသော ခြေလှမ်းတွေနဲ့ ဆေးရုံအဆောက်အဦးထဲဝင်လာခဲ့သည်...။

အခုထိမယုံနိုင်တာမဟုတ်ပဲ မယုံချင်သေးတဲ့စိတ်ကြောင့် မောင့်သူငယ်ချင်းနှစ်ယောက်ပြောပြလိုက်တဲ့ ဆေးရုံအခန်းနံပါတ်ဆီသွားနေတဲ့လမ်းတောက်လျှောက်မှာ ဆုတောင်းနေမိတာအခါခါ...။ ဒါတွေအားလုံး အိပ်မက်ဖြစ်နေပါစေလို့လေ...။ မောင့်သူငယ်ချင်းနှစ်ယောက်ကိုယ့်ကိုပြောခဲ့တဲ့စကားတွေအကုန်လုံးဟာ အမှားတွေဖြစ်နေပါစေလို့လေ...။

ဒါပေမယ့် ဆေးရုံအခန်းတစ်ခန်းရဲ့အရှေ့ဆီရောက်သွားတဲ့အခါမှာတော့ ဒါဟာ အိပ်မက်မဟုတ်ပဲ အမှန်တရားတစ်ခုဆိုတာကိုလက်ခံလိုက်ရတော့သည်...။

ဆေးရုံအခန်းနံပါတ်နဲ့အတူ တွေ့လိုက်ရသည့် 'လူနာနာမည် - ဂျွန်ဂျောင်ကု' ဆိုတဲ့စာတန်းလေး...။

ရိုးရှင်းတိုတောင်းလှသော စာတန်းလေးဆိုပေမယ့် ထိုစာတန်းလေးက ကိုယ့်ရင်ကိုအစိတ်စိတ်အမွှာမွှာဖြစ်သွားတဲ့အထိ ပြုလုပ်နိုင်သော ချွန်ထက်နေသော ဓားတစ်ချောင်းလို...။ နှလုံးသားဟာလည်း တဆစ်ဆစ်နဲ့ နာကျင်လို့လာသည်...။

ပိတ်ထားသောတံခါးအားဖွင့်ရန်လက်လှမ်းလိုက်ပေမယ့် တံခါးလက်ကိုင်ဘုကို ကိုင်ဖို့ကိုတောင်အတုန်တုန်အယင်ယင်ဖြစ်နေတဲ့ ကိုယ့်လက်တွေ...။ ဒီအခန်းထဲဝင်သွားရင်ဘယ်လိုအရာကများကိုယ့်ကိုကြိုဆိုလို့နေမလဲ ဆိုတဲ့စိတ်ဟာ အခန်းထဲဝင်ရမယ့်ကိုယ့်ခြေလှမ်းတွေကိုတွန့်ဆုတ်စေသည်...။

"ဟား...!"

လေကိုခပ်ပြင်းပြင်းရှူသွင်းလိုက်ရင်း သတ္တိကိုမွေးလိုက်သည်...။ တံခါးလက်ကိုင်ဘုကိုလှည့်ဖွင့်ရင်း အခန်းထဲဝင်သွားသည့်အခါမှာတော့ နားထဲကြားလာရတဲ့ နှလုံးခုန်နှုန်းစမ်းသည့်စက်၏ တတီတီဆိုသော ဟန်ချက်ညီအသံနဲ့အတူ မြင်လိုက်ရတာကတော့ လူနာကုတင်ပေါ်မှာ မျက်လုံးတွေမှိတ်ပြီး ‌မေ့မျောနေသည့် မောင်...။

တစ်လအတွင်းမတွေ့ရတာကြာပြီဖြစ်တဲ့ မျက်နှာလေးဟာ သိသိသာသာပင်ချောင်ကျသွားပြီး မောင့်ခေါင်းပေါ်မှာ အဖြူရောင်ပတ်တီးတွေက အပြည့်နေရာယူလို့ထားသည်...။ ကုတင်ပေါ်ရှိ မောင့်ခန္ဓာကိုယ်လေးဟာလည်း ပိန်ကျလျက်...။ အောက်ဆီဂျင်ပိုက်အကူအညီနဲ့အသက်ရှူနေရတဲ့ပုံကိုကြည့်ပြီး နှလုံးသားဟာ လေးလံလာလျက် အနားကိုတိုးမသွားမိပဲ အခန်းရဲ့ဝင်ပေါက်နားမှာတင် ကျောက်ရုပ်တစ်ရုပ်လိုရပ်နေမိတဲ့ ကိုယ်...။ မျက်ရည်တွေဟာလည်း ကျမလာပဲ မောင့်ကိုသာခပ်တွေတွေစိုက်ကြည့်နေမိတော့သည်...။

Long Nights And Daydreams (Completed)Where stories live. Discover now