Episode-10

4.3K 463 155
                                    

#Unicode

"မောင်... မင်း ငါ့ကိုတကယ်ကောချစ်ရဲ့လားဟင်...?"

လေတွေတဖြူးဖြူးတိုက်ခတ်နေတဲ့ ကျောင်းရဲ့ခေါင်မိုးထပ် တစ်နေရာ...။

ကြမ်းကြမ်းတမ်းတမ်းတိုက်ခတ်နေတဲ့လေကြောင့် ခေါင်းပေါ်ကဆံနွယ်တွေဟာ ဟိုဟိုဒီဒီရှုပ်ပွလျက်...။ ဒါပေမယ့် ကိုယ့်မှာတော့ ထိုရှုပ်ပွနေတဲ့ဆံနွယ်တွေအပေါ်လည်းအာရုံမရ၊ လေပြည်‌လေညင်းအား မျက်စိမှိတ်ခံစားဖို့ကိုလည်းသတိမရပဲ ကိုယ့်ဘေးမှာထိုင်လျက် စီးကရက်တစ်လိပ်ကိုအေးအေးဆေးဆေးသောက်နေသည့် မောင့်အား မေးခွန်းတစ်ခုမေးလိုက်သည်...။

ဒါဟာ ကိုယ်အရမ်းသိချင်နေတဲ့မေးခွန်းဖြစ်သလို မောင့်ဆီကိုလည်းထုတ်မေးဖူးတာ ပထမဆုံးအကြိမ်ပင်...။ 

စဉ်းစားခဲ့တယ်၊ အများကြီးစဉ်းစားခဲ့တယ်...။ မနေ့က ကြားလိုက်ရတဲ့စကားတွေကြောင့် အရေးကြီးလှပါတယ်ဆိုတဲ့အတန်းချိန်ကိုတောင်ပြန်မတက်နိုင်တော့တဲ့အထိ ကျောင်းကနေအိမ်ကိုသာသုတ်ခြေတင်ပြေးသွားခဲ့ပြီး တစ်ညလုံး မအိပ်ပဲစဉ်းစားခဲ့သည်...။

ကိုယ် မောင့်ကိုလက်လွှတ်နိုင်မှာလားလို့...။

အလောင်းအစားကိစ္စကြောင့်စိတ်ဆိုးမိတာမှန်ပေမယ့် မောင့်ကိုအဆုံးရှုံးခံရလောက်တဲ့အထိကျပြန်တော့လည်း နှလုံးသားက စိတ်မနာနိုင်သေးတာခက်သည်...။ တစ်ညလုံးမအိပ်ပဲ ထပ်ခါထပ်ခါ စဉ်းစားပေမယ့် ထွက်လာတဲ့အဖြေက ဒီတစ်မျိုးတည်းသာဖြစ်နေတာ ခက်သည်...။

အဲဒီ့အတွက်ကြောင့် မောင့်ဆီကနေ ကိုယ်မေးလိုက်တဲ့မေးခွန်းရဲ့အဖြေစကားကိုကြားရမှဖြစ်မည်...။ ရင်ထဲကအပူမီးတွေကိုဟန်ဆောင်ငြှိမ်းနိုင်ဖို့အတွက် မောင့်ဆီကနေ 'မောင် ယောင်းကိုချစ်ပါတယ်' ဆိုတဲ့စကားလေးကိုကြားချင်မိသည်...။ အလိမ်အညာစကားဆိုရင်တောင်မှပေါ့...။

အလောင်းအစားကြောင့်ကိုယ့်ကိုတွဲခဲ့တဲ့လူကိုမှ မမုန်းနိုင် စိတ်မနာနိုင်ပဲ တွယ်ကပ်နေမိရင်း 'မင်း ငါ့ကိုချစ်ရဲ့လား' ဆိုတဲ့မေးခွန်းကိုအခုမှမေးဖို့သတိရသည့် ကိုယ့်ပုံစံက သိပ်ပြီးသနားစရာကောင်းနေမှာတော့အမှန်...။ အာ... သနားစရာမဟုတ်ပဲ ရယ်စရာလည်းဖြစ်ချင်ဖြစ်နေပါလိမ့်မည်...။ နောက်ဆုတ်လို့ရသေးတဲ့အချိန်မှာနောက်မဆုတ် ဇွတ်ရှေ့ဆက်ခဲ့တာ ဘယ်သူမို့လို့...။

Long Nights And Daydreams (Completed)Onde histórias criam vida. Descubra agora