"ကောင်လေး...အထဲမသွားဘူးလား...?"

အနောက်ကတက်လာတဲ့အဒေါ်ကြီးတစ်ယောက်က ပြောလာတော့မှပဲ သတိပြန်ဝင်လာခဲ့တော့၏...။

"အာ... သွားမှာပါခင်ဗျ...။ တောင်းပန်ပါတယ်..."

ခပ်မြန်မြန်ပင် ဘတ်စ်ကားခထည့်လိုက်ပြီး အနောက်ဘက်ဆီလျှောက်လာခဲ့လိုက်သည်...။

နောက်ဆုံးတန်းက ပြတင်းပေါက်ဘေးရှိခုံမှာဝင်ထိုင်လိုက်ရင်း ဘေးရှိထိုင်ခုံဆီရောက်သွားမိတဲ့ကိုယ့်အကြည့်တွေ...။ ဘတ်စ်ကားစီးတိုင်း အမြဲ ပြတင်းပေါက်ဘေးကနေရာမှာကိုယ့်ကိုထိုင်စေပြီး သူကတော့ကိုယ့်ရဲ့ဘေးကခုံမှာနေရာယူတတ်၏...။ အခုတော့ သူ့နေရာလေးကလွတ်လို့...။

လပတ်စာမေးပွဲတွေရှိလို့ ကျောင်းကိုစောသွားရတဲ့နေ့တွေလိုမျိုးမှာမှ ဘတ်စ်ကားပေါ်မတွေ့ရတဲ့သူ...။ အခုက စာမေးပွဲလည်းမရှိပါပဲ၊ ကိုယ့်ကိုလည်းမနေ့က ဘာမှကြိုပြောထားခြင်းမရှိပါပဲ ဘတ်စ်ကားပေါ်ပါမလာရတဲ့အကြောင်းက ဘာကြောင့်များလဲ...။

သက်ပြင်းတစ်ချက် ခပ်သဲ့သဲ့ချလိုက်ရင်း ပြတင်းပေါက်ရဲ့အပြင်ဘက်မြင်ကွင်းဆီကိုသာ ငေးကြည့်နေမိတော့သည်...။ 

မနက်တိုင်းဘတ်စ်ကားအတူစီးနေကျတစ်ယောက်သောသူ ကိုယ့်ဘေးနားပါမလာသောအခါ ကိုယ့်ရဲ့မနက်ခင်းဟာ မပြည့်စုံခဲ့ပါပေ...။

                               *****

အရင်နေ့တွေကဆို ကိုယ့်လက်ကိုဆွဲပြီးအရှေ့ကနေဦးဆောင်ခေါ်သွားတတ်တဲ့တစ်ယောက်သောသူကြောင့် ကိုယ့်ခြေလှမ်းတွေဟာတက်ကြွခဲ့ပေမယ့် ဒီနေ့တော့ ထိုသို့မဟုတ်...။ မှတ်တိုင်ကနေ ကျောင်းဝန်းထဲအထိ လေးလံနေသောခြေလှမ်းတွေနဲ့သာလှမ်းလာမိသည်...။

ဆုပ်ကိုင်ထားပေးမယ့်လက်တစ်စုံမရှိတော့ ကိုယ့်ရဲ့အေးစက်နေတဲ့လက်တွေဟာ ကျောပိုးအိတ်ရဲ့ကြိုးကိုသာ ခပ်တင်းတင်းဆုပ်ထားမိသည်...။

ကျောင်းဝန်းထဲဝင်လိုက်တဲ့အခါ အနောက်ဘက်ကနေကြားလိုက်ရတဲ့ကားသံ...။ ဘာရယ်မဟုတ် အရှေ့ကိုဆက်မသွားပဲ အနောက်လှည့်ကြည့်လိုက်မိလေတော့ ကျောင်းအရှေ့နားခပ်လှမ်းလှမ်းမှာရပ်ထားသည့် အဖြူရောင်ကားထဲကနေ ထွက်လာသော သူ...။

Long Nights And Daydreams (Completed)Where stories live. Discover now