Episode (55)

2.9K 307 95
                                    

Unicode

လက်ထဲရှိအထုပ်များကို စားပွဲထက်သို့တင်ပြီးမှ အခန်းထဲအနှံ့ မျက်လုံးကစားမိသည် ။ လေးနှစ်ဆိုသည့်အချိန်မှာ လူနှင့်အရာဝတ္ထုများကို အများကြီးပြောင်းလဲနိုင်သော်လည်း ထင့်ကွန်ဒိုအခန်းလေးနှင့် ထိုအခန်းထဲတွင်တည်ရှိနေသော အသုံးအဆောင်ပစ္စည်းများမှာ နဂိုအတိုင်းတည်ရှိနေဆဲ ။ သူ့အတွက် ထင် ဝယ်ပေးထားသည့် အေပရွန်လေးကလည်း နဂိုနေရာလေး၌သာ ။

ထင်က အသွင်သဏ္ဍာန်နှင့်မလိုက်အောင် အစွဲအလမ်းကြီးသူဟု သတ်မှတ်ရမည် ။ ထင့်ဆီတွင် သူနေထိုင်စဉ်က သုံးစွဲခဲ့သည့်အရာများမှာ သည်အတိုင်းလေးသာ ထင့်အိမ်ထဲတွင် နေရာယူထားလျက်ပင် ။

ထင့်အိပ်ခန်းထဲမှလွဲ၍ တစ်အိမ်လုံးအနှံ့လျှောက်ကြည့်မိနေသော သူ့ခြေလှမ်းများမှာ ပေါ့ပေါ့ပါးပါး ။ မျက်လုံးကိုမှိတ်လိုက်တော့ ထင့်အငွေ့အသက်က နှာခေါင်းဝကို တိုးဝှေ့လာပြန်သည် ။

နှုတ်ခမ်းကိုကိုက် ၊ နဖူးထက်ဝဲကျနေသည့်ဆံပင်များကို နောက်ဘက်သို့သပ်တင်ပြီးမှ အသံထွက်အောင် ရယ်မိသွား၏ ။

" ထင့်ကို ကျွန်တော် ချစ်လိုက်ရတာဗျာ "

စိတ်ထဲတွင်ဖြစ်ပေါ်လာသောစကားများမှာ နှုတ်ခမ်းထက်မှ ညင်သာနူးညံ့စွာထွက်ပေါ်လာ၏ ။ ထင်ဆိုသည့် အမျ်ိုးသားကို သူ သိပ်ချစ်သည် ။ ထင့်ဆီကနေ မည်သည့်အရာကိုမှ မလိုချင်သော်လည်း သူပိုင်ဆိုင်သည့်အရာအားလုံးကိုတော့ ထင့်ကို ပေးအပ်ချင်ပါသည် ။

" ထင့်မျက်နှာကိုကြည့်ပြီးတော့ ထင့်ကိုချစ်ရတဲ့အကြောင်းတွေကို ပြောပြချင်လိုက်တာ "

" ဘာဖြစ်လို့ အများကြီးပိန်သွားရတာလဲဗျာ ၊ ထင့်ကို အဲဒီလိုပုံစံမျိုးနဲ့မမြင်ချင်ပါဘူး ၊ အရင်လိုပုံစံမျိုးလေးပြန်ဖြစ်လာအောင် အစားအသောက်ကိုသေချာစားရမယ် "

ရင်ခွင်ထဲပိုက်ထားသည့် ခေါင်းအုံးလေးကသာ စကားပြောတတ်ပါလျှင် သူ့ကို အရူးကြီးဟုခေါ်ပြီး နှာခေါင်းရှုံ့၍မျက်နှာမဲ့ပေလိမ့်မည် ။ သူကလည်းသူပင် ။ ထင့်အနားတွင် ပြန်နေနိုင်ရန်အတွက် မျက်နှာပြောင်ပြောင်ထားမည်ဟု ကြံရွယ်ပြီး မျက်နှာကြောပြောင်ထားသော်လည်း ချစ်စကားပြောရန်ကျတော့ နည်းနည်းလေး ကြောက်နေမိသည် ။

My Green Forest ( Complete) Where stories live. Discover now