Episode (32)

2.2K 258 36
                                    

Unicode

ကျွန်တော့်နာမည်က သက်ကောင်းလူပါ ။
ကျွန်တော့်ရဲ့နာမည်ကိုပေးထားတဲ့သူကပါးတဲ့ ။
ကလေးဘဝကတည်းက ကျွန်တော်ကြားနေကျစကားတစ်ခွန်းရှိတယ် ။ အဲဒါကတော့ သားအဖနှစ်ယောက်တစ်ပုံစံတည်းဆိုတဲ့ စကားပဲ ။
တခြားကလေးတွေ လမ်းမပေါ်မှာဆော့နေတဲ့အချိန် ကျွန်တော်ကတော့ ပုံဆွဲစာအုပ် ၊ ခဲတံတစ်ချောင်းနဲ့ပဲ ငြိမ်ငြိမ်လေးနေတတ်တဲ့သူ ။
စကားကျယ်ကျယ်ပြောတာနဲ့ မျက်နှာမဲ့လာတတ်တဲ့ကျွန်တော်က နားပူရင်လဲ စိတ်မပျော်ဘူး ။
ကျွန်တော်တို့အိမ်မှာ မားသာစကားမပြောရင် တစ်အိမ်လုံးက တိတ်ဆိတ်လို့ ။
ပါးနဲ့ကျွန်တော်က တော်ရုံစကားမပြောကြဘူးလေ ။
*********

ကျွန်တော့်အသက်လေးနှစ်မှာ မူကြိုစတက်ရပြီးတော့ ပါးနဲ့မားနှစ်ယောက်လုံးက ကျွန်တော့်ကိုမူကြိုလိုက်ပို့ပေးတယ် ။
မူကြိုကျောင်းရဲ့ထောင့်ဘက်မှာ ငြိမ်ငြိမ်လေးထိုင်နေတဲ့ကျွန်တော့်ကို ပါးကအကြာကြီးစိုက်ကြည့်နေတာ ။
မားက မူကြိုဆရာမနဲ့စကားတွေပြောနေပေမဲ့ ပါးရဲ့အကြည့်ကတော့ ကျွန်တော့်ဆီမှာပဲ ။
ကျွန်တော့်ရဲ့ထမင်းချိုင့်ထဲမှာ ပါးကိုယ်တိုင်ချက်ပေးထားတဲ့ ကြက်သားပြုတ်ကြော်ကမပါမဖြစ် ။
ကျွန်တော်ကလဲ ပါးချက်ပေးတဲ့ကြက်သားပြုတ်ကြော်ကို မားချက်ပေးတာထက်ပိုကြိုက်တယ်လေ ။
မနက်မူကြိုပို့တဲ့အချိန်မှာ မားကကျွန်တော့်လက်ကိုဆွဲပြီးတော့
ညနေမူကြိုကြိုတဲ့အချိန်မှာ ပါးကကျွန်တော့်ကိုကုန်းပိုးတယ် ။
တစ်ခါတလေ ကျွန်တော့်ကိုကြည့်နေတဲ့ပါးရဲ့မျက်နှာမှာ မြင်ရခဲတဲ့ အပြုံးလေးရှိနေတတ်တာက ထူးခြားချက် ။

*******

ပါးက ကျွန်တော့်လက်ကိုဆွဲပြီးတော့ ရပ်ကွက်ရုံးကို အပြေးအလွှားသွားတဲ့အချိန် နောက်ကပါလာတဲ့ မားရဲ့မျက်နှာကငိုမဲ့မဲ့ ။
တည်တင်းနေတဲ့ပါးရဲ့မျက်နှာက ကြောက်စရာ ၊ လန့်စရာ ။
ရပ်ကွက်လူကြီးကို စကားပြောနေတဲ့ပါးရဲ့အသံက နဂိုထက်ကို ပိုကျယ်ကျယ် ။
ကျွန်တော်ကတော့ ပါးကိုကြည့်လိုက် ၊ ငိုမလိုမျက်နှာထားဖြစ်နေတဲ့မားကိုကြည့်လိုက်နဲ့ ရင်ထဲမှာလဲတုန်နေတယ် ။
ပါးကသာစိတ်တိုနေပေမဲ့ ကျွန်တော့်ပါးပြင်ထက်မှာရှိနေတဲ့ဒဏ်ရာက သိပ်မနာတော့ပါဘူး ၊ ဒါပေမဲ့ ပါးကတော့ အံတကြိတ်ကြိတ်နဲ့ပဲ ။
ခဏကြာတော့ ရပ်ကွက်ရုံးကို ကျွန်တော်တို့အတန်းထဲကကောင်လေးနဲ့ သူ့အမေနဲ့ရောက်လာတယ် ။
မှတ်မိပါသေးတယ် ၊ ကျွန်တော့်ကိုဒဏ်ရာရအောင်လုပ်တဲ့ကောင်လေးကိုကြည့်နေတဲ့ ပါးရဲ့မျက်လုံးတွေကနီရဲနေပြီးတော့ လက်သီးနှစ်ဖက်လုံးကိုလဲ ကျစ်ကျစ်ပါအောင်ဆုပ်ထားသေးတာ ။
အဲဒီကောင်လေးရဲ့အမေကလဲ ပါးကို တော်တော်ကြီးတောင်းပန်ပေမဲ့ ပါးရဲ့မျက်နှာထားက ကျေနပ်တဲ့ပုံမရှိဘူး ။
နောက်ဆုံးရပ်ကွက်လူကြီးကပါ ကြားထဲကနေ ဝင်ပြီးတောင်းပန်ပေးမှ ပါးက
" ခင်ဗျားရဲ့သားက ကျွန်တော့်သားကို ဒဏ်ရာရအောင်လုပ်သွားတဲ့အတွက် ခင်ဗျားက ကျွန်တော့်ရှေ့မှာပဲ ပြန်ရိုက်ပြီးဆုံးမပေးပါ ၊ အဲဒီလိုမှ ကျွန်တော်ကျေနပ်မှာ "
လို့ ပြောလိုက်တဲ့ ပါးရဲ့အသံက ကြောက်စရာကောင်းအောင် မာမာထန်ထန် ။
******
ကျွန်တော် ဒုတိယတန်းတက်တဲ့အချိန်မှာ အကြီးအကျယ်ဖျားတယ် ။
ဘာစားစားလဲအန်ပြီးတော့ ငိုပဲငိုချင်နေတာ ။
ပါးက ကျွန်တော်ကိုချီပြီးတော့ အခန်းထဲမှာ လမ်းလျှောက်ပေးတယ် ၊ ပက်လက်အိပ်နေတာထက်စာရင် ပါးရဲ့ပခုံးအပေါ်ကိုမေးစေ့တင်ပြီးတော့ မှေးနေရတာက ပိုပြီးနေရအဆင်ပြေတယ် ။
ကျွန်တော့်ရဲ့ကျောပြင်ကိုလက်နဲ့ဖွဖွလေးသပ်ပေးပြီးတော့ ကျွန်တော့်ရဲ့နားကိုလဲ ဖြည်းဖြည်းလေးနမ်းတဲ့ ပါးဆီကနေ ရှိုက်သံသဲ့သဲ့ကြားတဲ့အချိန် ကျွန်တော်ပါ မျက်ရည်ဝဲလာရော ။
မားက ပါး ပင်ပန်းမှာစိုးလို့ ကျွန်တော့်ကို တစ်လှည့်ချီပေးမယ်လို့ပြောပေမဲ့ ပါးကတော့ ခေါင်းကိုပဲခါပြတယ် ။
ပါးက ကျွန်တော့်ကိုချစ်တယ်လို့ မပြောဖူးဘူး ၊ ဒါပေမဲ့ ပါးကကျွန်တော့်ကိုသိပ်ချစ်တယ်ဆိုတာ သိသာစေတဲ့အမူအရာတချို့ကိုတော့ ပါးဆီမှာ ရံဖန်ရံခါတွေ့ရတတ်ပါတယ် ။

My Green Forest ( Complete) Kde žijí příběhy. Začni objevovat