Episode (31)

2.4K 268 56
                                    

Unicode

ခေါင်းငိုက်စိုက်ကျပြီး ဆိုင်ထဲကိုဝင်လာသည့် မိုးမြင့်သူ၏ပုံစံမှာ ယခင်ကဲ့သို့တက်ကြွမနေဘဲ နွမ်းနွမ်းလျလျ ။ အဝတ်အစားများမှာ တွန့်ကြေနေကာ ဆံပင်မှာလည်း ဖရိုဖရဲ ။ မျက်လုံးများကလည်း အနည်းငယ်မို့အစ်နေ၏ ။ မိုးမြင့်သူ၏ အကြည့်က ဆိုင်ထောင့်ဘက်တွင်ရပ်နေသည့် စည်သူ့ဆီသို့ရောက်သွားပြီး ခြေလှမ်းများကပါ ဆိုင်ထောင့်ဘက်သို့ဦးတည်သွားသည် ။

" စည်သူ "

နောက်ဘက်မှခေါ်သံကြောင့် စည်သူ ခေါင်းကိုလှည့်ပြီးကြည့်မိတော့ ညှိုးနွမ်းသောအသွင်သဏ္ဍာန်ဖြင့်ရပ်နေသည့် မိုးမြင့်သူကိုတွေ့လိုက်ရသည် ။

" သြော်...ကိုသူ...ဟုတ်ကဲ့ ပြောပါခင်ဗျာ "

" ထင်တို့အပေါ်မှာလား "

ခြံထဲတွင်ရပ်ထားသည့်ကားကိုတွေ့ပြီးဖြစ်သဖြင့် ထင် ဆိုင်သို့ရောက်နေမှန်းသိပါသည် ။ ထို့အတူ ရှစ်နာရီကျော်နေပြီဖြစ်သောကြောင့် သက်ကောင်းလူလည်း ဆိုင်သို့ရောက်နေမည်မှာ ကျိန်းသေပင် ။ ထို့အတွက်ကြောင့် တမင်ပင် " ထင်တို့ "ဆိုသည့်စကားကိုသုံး၍မေးလိုက်ခြင်းဖြစ်၏ ။

" ဟုတ်ကဲ့ ကိုသူ ၊ ကိုထင်တို့ အပေါ်မှာပါ "

မိုးမြင့်သူက ခေါင်းကိုအောက်ဘက်သို့ငိုက်ချပြီးမှ အသံတိုးတိုးဖြင့်

" ထင့်မျက်နှာရော ဘယ်လိုနေလဲ "

" နည်းနည်းရောင်နေတယ် ကိုသူ ၊ နှုတ်ခမ်းလဲပေါက်နေတယ် "

" အင်း "

ဟုတ်မှာပေါ့ ။ မနေ့က ကိုပြည့်ဉာဏ်ရဲ့လက်သီးအားက နည်းတာမှမဟုတ်တာ ။ ချစ်ရတဲ့အမျိုးသားလေးကို တခြားတစ်ယောက်က သူ့မျက်စိရှေ့မှာတင် အနိုင်ကျင့်နေပေမဲ့  ဘာမှမတုံ့ပြန်နိုင်တဲ့အဖြစ် ။ အဲဒီအချိန်က သူ ထင့်နောက်ကိုလိုက်သွားချင်တာပါ ။ ဒါပေမဲ့ ဘယ်လိုမှအခွင့်အရေးမရဘူး ။ ဟုတ်တယ်...ဘယ်လိုပဲဖြစ်ဖြစ် သူ ကိုပြည့်ဉာဏ်ရဲ့ရက်စက်မှုကိုလန့်နေမိတာ ။ အဲဒီလူက သူနဲ့သူ့လုပ်ငန်းအပေါ်မှာ အမြင်မကြည်တော့ရင် ရတဲ့နည်းကိုသုံးပြီးဖျက်ဆီးပစ်မှာ ။ သူ ကြောက်နေပေမဲ့ ဆယ်ကျော်သက်အရွယ်ကောင်လေးက ထင့်ရဲ့ရှေ့မှာရပ်ပြီးတော့ ကိုပြည့်ဉာဏ်ကို တိုက်ခိုက်ဖို့ အဆင်သင့် ။

My Green Forest ( Complete) Where stories live. Discover now