Unicode
" ပေါင်ပေ့... ထမင်းချိုင့်ကို ပေါင်ပေ့ဘာသာ ထည့်မှာလား ၊ မား ထည့်ပေးရမှာလား "
မားက ချက်လက်စ ဝက်အချိုချက်ထဲကို ရေတစ်ခွက်လောင်းထည့်ရင်းဖြင့် ဘေးဘက်ရှိ သူ့ကို မျက်လုံးစွေကြည့်ကာ စကားပြောလာ၏ ။
" ရတယ်...မား ၊ ကျွန်တော့်ဘာသာ ထည့်လိုက်မယ်နော် "
" အင်းပါ..အင်းပါ ၊ အဲဒါဆိုလဲ ကိုယ့်ဘာသာထည့်၊မနေ့က ပေါင်ပေ့ရဲ့ချိုင့်ထဲမှာ ဘာမှမကျန်ဘူးနော် ၊ အကုန်ကုန်သွားလို့ မားတောင် အံ့သြနေတာ "
တစ်ယောက်တည်း စားခြင်းမဟုတ်ဘဲ နှစ်ယောက်စားသည့်အတွက် ချိုင့်ထဲတွင် မည်သည်ဟင်းမှ မကျန်ပေ ။ ထိုလူကိုလည်း သူ အမှန် အံ့သြမိသည် ။ သူ့ဘာသာ ဝယ်စား၍ ရသော်လည်း သူများဆီမှ ဟင်းကိုသာ သွားရည်ကျတတ်သည့်သူ ။ မကျွေးလျှင်လည်း ငရဲကြီးဦးမည် ။
" ဟယ်... ပေါင်ပေ့ ဘာတွေ အတွေးများနေတာလဲ ၊ အနားနားကပ်ပြီး ပြောနေတာကိုတောင် မကြားဘူး "
ပါးပေါ်ရောက်လာသည့် မား၏ လက်နှင့် နားထဲဝင်လာသည့် မား၏ အသံချိုချို ။ ထိုအခါမှ သူ လွင့်သွားသည့် အာရုံကို ပြန်စုစည်းကာ မားကို မျက်နှာချိုသွေးပြလိုက်ရသည် ။
" ဟမ်...ဘာလဲ ...မား...ဘာပြောလိုက်တာလဲ "
" ပေါင်ပေ့နဲ့ အတူတူ အလုပ်လုပ်ရတဲ့ ကလေး ဘယ်နှစ်ယောက်ရှိလဲလို့ မေးနေတာလေ..."
" သုံးယောက်...မား "
မလိမ်ညာချင်သော်လည်း လိမ်ပြောရပါသည် ။ သူ့စကားအဆုံး မားက ခေါင်းတညိတ်ညိတ် ။
" အစစအရာရာ သည်းခံနော် ပေါင်ပေ့ ၊ သူစိမ်းတွေနဲ့ အလုပ်လုပ်ရတာဆိုတော့ သည်းခံနိုင်မှဖြစ်မှာ ၊ မျက်နှာကိုလဲ အမြဲတမ်း တည်တည်ကြီး မထားဘဲနဲ့ တစ်ခါတလေကျရင်တော့ ပြုံးပြုံးရယ်ရယ်နေ ၊ မဟုတ်ရင် သူတို့က ပေါင်ပေ့ကို သဘောထားဆိုးတယ်လို့ ထင်သွားကြလိမ့်မယ် "
" ဟုတ်ကဲ့ မား "
မား စိတ်ချမ်းသာအောင် ဟုတ်ကဲ့ဟု ပြောလိုက်ရသော်လည်း သူကတော့ ထင်ဆိုသည့် လူကြီးကို မရယ်ပြချင်ပေ ။ ယခုကဲ့သို့ မရယ်မပြုံး နေသည်ကိုပင် ထိုလူကြီးက သူ့ကိုဆိုလျှင် မထိတထိပုံစံမျိုးဖြင့် ဆက်ဆံတတ်၏ ။ သူသာ ရယ်ရယ်မောမော ၊ ပြုံးပြုံးရွှင်ရွှင်ဖြင့် ဆက်ဆံလိုက်ပါလျှင် နောက်ဆက်တွဲ ဖြစ်လာမည့် အကြောင်းအရာများကို သူလည်း တာဝန်မယူနိုင်ပေ ။
YOU ARE READING
My Green Forest ( Complete)
Romanceကန္တာရထဲက လူတစ်ယောက် ကႏၱာရထဲက လူတစ္ေယာက္ (သက်ကောင်းလူ) ဒီနေ့... မနက်ဖြန်... သန်ဘက်ခါ... ကျန်ရှိတဲ့နေ့ရက်တိုင်းမှာ ကျွန်တော့်အချစ်တွေနဲ့ ထင့်ကို မွမ်းမံပါမယ်...။ (အလက်ဇန်းဒါးထင် ) ပျော်ရွှင်သည့်အချိန်... ဝမ်းနည်းသည့်အချိန်... အားငယ်သည့်အချိန်... အထီ...