Episode (40)

2.6K 273 62
                                    

Unicode

အိမ်တံခါးကိုဖွင့်သည်နှင့် တိတ်ဆိတ်မှုကို ပထမဆုံးခံစားရ၏ ။ လက်ထဲရှိအဝတ်အိတ်များကိုကြမ်းပြင်ထက်သို့ချပြီးမှ နီးစပ်ရာခုံတစ်ခုံတွင်ထိုင်လိုက်ချိန် ဘေးဘက်သို့လာရပ်သည့်မား ။ မား၏မျက်နှာက သိပ်ကိုညှိုးနွမ်းနေကာ မျက်တွင်းများလည်းကျနေသေးသည် ။ 

" ရေသောက်မလား ပါး "

" မသောက်ချင်ဘူး မား "

" အဲဒါဆိုရင် မား သိမ်းစရာရှိတာလေးတွေ သိမ်းလိုက်အုံးမယ်နော်...ပါး "

" အင်း "

မားက သူချထားသည့် အိတ်ထုပ်များကိုယူ၍ အပေါ်ထပ်သို့တက်သွားသည်ကို မျက်စိတစ်ဆုံးလိုက်ကြည့်ပြီးမှ မျက်နှာကိုလက်ဖဝါးနှစ်ဖက်ဖြင့် အုပ်ကိုင်၍ ပင့်သက်မောကိုရှိုက်မိ၏ ။ သူကသာ မပြတ်သားနိုင်ဖြစ်နေသော်လည်း ပေါင်ပေ့ကတော့ ထင်ထားသည်ထက် အဆပေါင်းများစွာပို၍ပြတ်သားသည် ။ အလက်ဇန်းဒါးထင်၏လက်ကိုဆွဲပြီး သူတို့ရှေ့မှထွက်သွားခဲ့သည့်အချိန်တွင် သူ့ရင်မှာ ဟက်တက်ကွဲခဲ့ရပြီး အိမ်သို့ပြန်လာချိန်တွင်လည်း ပိတ်ထားသည့်တံခါးကိုတွေ့ရသောအခါ သူ့နှလုံးသားကတော့ ဒဏ်ရာဒဏ်ချက်များစွာနှင့် အတုံးအရုံး ။

စိတ်သက်သာရာရရန်အတွက် ဘုရားဖူးခရီးထွက်ခဲ့သော်လည်း တစ်ဦးတည်းသောသားဖြစ်သူအပေါ် တွယ်တာမိသည့်စိတ်နှလုံးသားကြောင့် ဘုရားရိပ်သို့ခိုလှုံသော်လည်း မအေးချမ်းခဲ့ပေ ။ မားက ဘေးဘက်အိမ်ကို အိမ်သော့ပေးတော့လည်း မမြင်ဟန်ပြု၍ တိတ်တိတ်လေးမျှော်လင့်ခဲ့သည်မှာ ပေါင်ပေ့က သူနှင့်မားကို အိမ်တွင်စောင့်နေရန်ကိုသာဖြစ်၏ ။ သို့သော်လည်း သူ့မျှော်လင့်ချက်များမှာ ရေထဲပစ်ချလိုက်သည့်ခဲလုံးတစ်လုံးကဲ့သို့ စုံးစုံးမြုပ်သွားခဲ့သည် ။

စားပွဲထက်ရှိဖုန်မှုန့်များကိုလက်ဖြင့်သုတ်လိုက်ကာ နှုတ်ခမ်းကိုလည်းအားဖြင့်ဖိကိုက်မိသည် ။ ထုတ်ဖော်မပြောချင်သော်လည်း ထိုနာကျင်မှုဒဏ်ရာမှာ သိပ်ကိုပြင်းထန်လွန်းပြီး လက်ခံရန်လည်း ခက်ခဲလှ၏ ။

" ကိုကျော်ဝင်း "

ခေါ်သံကြောင့်မျက်လုံးပင့်ကြည့်မိ၏ ။ ဘေးဘက်အိမ်ရှိ အမျိုးသမီးက သူ့ကိုပြုံးပြလာသော်လည်း သူကတော့ ပြုံးပြရန်ပင်ခွန်အားရှိမနေချေ ။ ထို့အတွက်ကြောင့်ခေါင်းကိုသာညိတ်ပြမိသည် ။

My Green Forest ( Complete) Where stories live. Discover now