Episode (1)

19.2K 770 40
                                    

Unicode

ကီးဘုတ်ခလုတ်များပေါ် သွက်လက်လျင်မြန်စွာ ထိတွေ့နေသည့် ညာလက်ရှည်ရှည်သွယ်သွယ် ။ ထိုညာလက်လေး၏ လက်ဆစ်များသည် ပန်းရောင်ပြေးလျက်ရှိနေပြီး လက်ညှိုးပေါ်တွင်လည်း အနက်ရောင်ပြောင်လက်နေသည့် လက်စွပ်တစ်ကွင်းက လှပစွာ နေရာယူထားသေးသည် ။  သာမန်ထက်အနည်းငယ်ပိုကြီးသည့် အနက်ရောင်မျက်ဆန်ဖြင့် ဖွဲ့စည်းထားသော မျက်လုံးများကလည်း  laptopမျက်နှာပြင်၌ စူးစူးစိုက်စိုက် ။ ထိုမျက်လုံးများကို ဝန်းရံထားသည့် မျက်တောင်များကလည်း ရှည်လျားကော့ညွှတ်လျက် ။

စားပွဲပေါ်ရှိရေသန့်ဘူးကို ယူလိုက်ပြီး မော့သောက်လိုက်သည့်အခါ Adam's apple (လည်စေ့) က အထက်အောက် လှုပ်ရှားသွား၏ ။ နှုတ်ခမ်းထောင့်မှ စီးကျလာသည့် ရေအချို့ကို လက်မဖြင့်ဖိသုတ်လိုက်ဟန်က မြန်မြန်ဆန်ဆန် ။

အာရုံကို တစ်နေရာတည်း၌ စုစည်းထားရ၍ မျက်ရိုးများက အနည်းငယ်ကိုက်ခဲလာသည် ။ ကီးဘုတ်ပေါ်ရှိလက်သည် မျက်ခုံးများပေါ်သို့ ရောက်ရှိသွားပြီး မျက်ခုံးတန်းနှစ်ခုပေါ်သို့ ဖြည်းဖြည်းချင်းနှိပ်နယ်မိ၏ ။ ထိုမှတစ်ဆင့် နှာခေါင်းနှင့် မျက်လုံးထောင့်စွန်းဆုံသည့်နေရာကို အချိန်ခဏမျှ ဖိထားမိပြီး ခေါင်းကို ဆတ်ခနဲ ခါလိုက်မိသည် ။

ပင်ပန်းတယ် ၊ နေ့တိုင်းက ပင်ပန်းတယ်ဆိုပေမဲ့ ဒီနေ့က ပိုပင်ပန်းတယ် ။ ခန္ဓာကိုယ်တစ်ခုလုံး တောင့်တင်းနေတဲ့ပုံက အကြောလျှော့မှကိုဖြစ်မဲ့ အခြေအနေ ။

စားပွဲပေါ်ရှိ ဖုန်းကိုလှမ်းယူလိုက်ပြီး မျက်လုံးများက တစ်ခုခုကို လေးနက်စွာစဉ်းစားနေဟန်ဖြင့် ခဏမျှ ငြိမ်သက်သွား၏ ။ ထို့နောက် လေချွန်သံတစ်ချက် ထွက်ပေါ်လာပြီး ခပ်ထူထူနှုတ်ခမ်းက တဖြည်းဖြည်းပြုံးယောင်သန်းလာသည့်အတွက် နှာခေါင်းထိပ်၌ ထင်ထင်ရှားရှားနေရာယူထားသော မှဲ့နက်လေးက ပို၍ပေါ်လွင်လာ၏ ။

အချိန်နှင့်နေရာပါသော စာတိုတစ်စောင်ကို ဖုန်းနံပါတ်တစ်ခုဆီသို့ လှမ်းပို့လိုက်သည့် ထင် ။ ဖုန်းကိုလက်တစ်ဖက်ဖြင့် ကိုင်ထားလျက် နောက်လက်တစ်ဖက်က စားပွဲခုံကို တဒေါက်ဒေါက်အသံမြည်အောင် ခေါက်နေမိ၏ ။ သိပ်ကြာကြာ မစောင့်လိုက်ရပေ ။ တစ်ဖက်မှပြန်ပို့လာသည့် စာကိုကြည့်ပြီး ထင် နှစ်နှစ်ခြိုက်ခြိုက် ပြုံးလိုက်မိသည် ။ လက်ထဲမှ ဖုန်းကို စားပွဲပေါ်သို့ ချလိုက်ပြီး ဘယ်လက်က ညာဘက်လက်ညှိုးပေါ်ရှိ လက်စွပ်ကို အပေါ်အောက်နှံ့အောင် ထိတွေ့နေချိန် တံခါးခေါက်သံနှစ်ချက်နှင့်အတူ အခန်းထဲသို့ ဝင်ရောက်လာသည့် စည်သူပိုင် ။

My Green Forest ( Complete) Where stories live. Discover now