part 140

2.7K 306 5
                                    

Unicode

အပိုင်း (၁၄၀)

အစ်ကို ၂၊ ငြင်သာပါဦး
သူရဲ့အပြုံးက ပြုံးမနေတာထက်ကိုကြောက်ဖို့ကောင်းနေတာကြောင့် နန်းပေါင်ရီ ခမြာ နောက်ကျောဘက်က အေးစိမ့်စိမ့် ဖြစ်လာရသည်။
သူမကအထစ်ထစ်အငေါ့ငေါ့ဖြင့် “ပြီးတော့ ဒါတွေက အရေးမပါတဲ့အရာတွေပါ….”
“အဲ့ဒါတွေကိုပေး”
နန်းပေါင်ရီက သူ့စကားကိုနားမထောင်ဘဲ မနေရဲပါချေ။ သူမက သူ့အလိုအတိုင်းသာလိုက်ဖို့ တတ်နိုင်ပြီး စာတစ်ထပ်ကြီးကို သူ့ကိုပေးလိုက်ရသည်။
ရှောင်းယီက ထိုစာတွေကို တဆက်ဆက်ရိုက်လိုက်ပြီး ဖတ်ကြည့်လိုက်သည်။ တကယ်တော့ ဘာမှအရေးမပါတဲ့ အကြိုက်ဆုံး မျက်နှာချေမှုန့်ဝယ်တယ် ဆိုတာမျိုးလို နေ့စဉ်ပြုလုပ်နေကြ အကြောင်းအရာတွေကို ရေးထားတာသာဖြစ်သည်။ ဥပမာ အပ်ချုပ်သမားအသစ်ကချုပ်ပေးတဲ့ဝတ်စုံက အရမ်းတောက်ပပြီး အရမ်းလှတယ်ဆိုတာမျိုးတွေဖြစ်သည်။ တစ်နေ့ ထမင်းသုံးနပ်စားတယ် ဆိုတာမျိုးတွေက စာထဲထည့်ရေးစရာအကြောင်းအရာများ မဟုတ်ပါချေ။
သို့သော် သူက ထိုစာတွေကို အရေးကြီးကိစ္စတစ်ခုလို မှတ်ယူသည်။ ကောင်မလေးက ပျော်ရွှင်မှုအပြည့်နဲ့ စာကြောင်းတစ်ကြောင်းချင်းစီကို အရှည်ဆုံးဖြစ်အောင် ရေးထားသည်။ တခါတရံ သူမ ချန်းတယ်ယွီကို သဘောကျတဲ့ခံစားချက် တစွန်းတစအကြောင်းလည်း ပါလာတတ်သည်။
ဟုတ်ပေသည်။ သူမက ဒီလူကို အရမ်းသဘောကျသည်။
သူ့ရဲ့မျက်လုံးတွေက အေးစက်စက်အငွေ့အသက်တွေ ဖုံးလွှမ်းသွားပြီး “သူကမင်းဆီကို အမြဲစာပြန်တယ်လား?”
နန်းပေါင်ရီက အဝေးကို ငေးရင်း “တစ်ခါမှပြန်စာမရခဲ့ဖူးဘူး…. ဒါပေမယ့် ဘာဖြစ်လဲ၊ သူစာပြန်တာ မပြန်တာကို ဂရုစိုက်မနေပါဘူး”
ထိုစကားကိုပြောလိုက်ချိန်မှာ သူမရဲ့မျက်လုံးတွေက ဝမ်းနည်းရိပ်သန်းသွားသည်။
ချန်းတယ်ယွီကို သဘောကျခြင်းက သူမငယ်စဉ်ကဖြစ်ပြီး ယောကျာ်းလေးနဲ့ မိန်းကလေးကြားက အချစ်လို့ မှတ်ယူ၍ မရပါချေ။ ဖြူစင်တဲ့ နှစ်သက်အားကျမိခြင်းသာဖြစ်သည်။ ထိုအရာက ချစ်ခြင်း မမည်ပါချေ။
ချန်းတယ်ယွီက သူမကို စာမပြန်ခဲ့သည့်အပြင် သူမကို ချစ်ခင်နှစ်သက်ခြင်းလည်းမရှိပါချေ။
ရှောင်းယီက မီးဖိုရဲ့အဖုံးကိုဖွင့်လိုက်ပြီး ထိုစာတွေကိုယူ၍ အားလုံးကို မီးထဲပစ်ထည့်လိုက်သည်။
အစိမ်းရောင်မီးတောက်တွေက တလိပ်လိပ်ကခုန်နေသကဲ့သို့ပင်။
သူက ပေါ့ပေါ့ပါးပါးဖြင့် “အခုကစပြီး ငါ့ကိုဘာပဲပြောချင်ချင် ငါ့ကိုပွင့်ပွင့်လင်းလင်း ပြောလို့ရတယ်၊ လူကိုယ်တိုင်ပဲဖြစ်ဖြစ်၊ စာနဲ့ပဲဖြစ်ဖြစ်ပြော၊ ငါက ချန်းတယ်ယွီလိုမျိုးမလုပ်ဘူး၊ မင်းကို ကျိန်းသေပေါက် စာပြန်မယ်”
သူက အေးစက်တဲ့အကျင့်စရိုက်နဲ့ လူငယ်တစ်ယောက်ဖြစ်ပေမယ့် အကြောင်းပြချက်တချို့ကြောင့် နန်းပေါင်ရီကသူ့ရဲ့မျက်လုံးထဲမှာ သနားစဖွယ်ဖြစ်နေသည်။
သူ့ရဲ့စကားသံက ချော့မြူနေသကဲ့သို့ပင်။ သူမက နွေးထွေးမှုကိုခံစားလိုက်ရပေမယ့် နှလုံးသားက နာကျင်လာသည်။
အဲ့ဒါက ဘာနဲ့တူလဲဆိုတော့ မင်းရဲ့လက်ထဲမှာ ထွေးဆုပ်ထားတဲ့လက်ဖဝါးတစ်ဖက်ရှိပြီး ဘယ်လို အခြေအနေမျိုးမှာပဲဖြစ်ဖြစ် တစ်စုံတစ်ယောက်က မင်းရဲ့နောက်ကနေ တိတ်တိတ်လေး ပံ့ပိုးပေးနေမှာကို သိနေသလိုမျိုးခံစားချက်ဖြစ်သည်။
နန်းပေါင်ရီက လမ်းလျှောက်သွာပြီး နံရံကပ်စင်ပေါ်က ကျောက်စိမ်းနက်နဲ့ကွပ်ထားတဲ့ ဝါးကျည်တောက်နှစ်ခုကို ယူလာခဲ့သည်။ ဝါးကျည်တောက်က အခေါင်းပေါက်ဖြစ်သည်။ ထိပ်မှာ အပေါက်ငယ်ဖောက်ထားပြီး အနီရောင်ကြိုးစက ထိုအပေါက်ငယ်မှတဆင့် တိုးထွက်နေသည်။
သူမက စိတ်ပါလက်ပါနဲ့ ရှောင်းယီကို တစ်ဖက်ကမ်းပေးရင်း “အစ်ကို ၂၊ ဒါကိုယူသွားပြီး ပြတင်းမှာချိတ်ထားလိုက်ပါ၊ ညီမလေးက အစ်ကို့ကို လျှို့ဝှက်ပြီးပြောစရာရှိရင် စာတစ်စောင်ရေးပြီး ဒီဝါးကျည်တောက်လေးထဲထည့်ထားမယ်၊ အစ်ကိုကလည်း ညီမလေးကို စာပြန်ချင်ရင် ဒီဝါးကျည်တောက်လေးထဲ ပြန်ထည့်ပေးထား၊ ညီမလေးတို့ရဲ့လျှို့ဝှက်ချက်ကို ဘယ်သူမှမသိစေနဲ့နော်”
ရှောင်းယီက ဝါးကျည်တောက်လေးကိုယူလိုက်သည်။
မိန်းမငယ်လေးက နူးညံ့ပြီး နှစ်လိုဖွယ်ကောင်းသည်။ သူမရဲ့မျက်လုံးတွေက တောက်ပနေသည်။
“အစ်ကို ၂၊ ညီမလေးက ဆက်ဆံရေးတွေ အေးစက်သွားကြတာကို သဘောမကျဘူး၊ ပြီးတော့ ညီမရဲ့ရင်းနှီးတဲ့သူတွေနဲ့ အထင်မြင်လွဲမှုတွေကြောင့် သွေးအေးတိုက်ပွဲတွေမဖြစ်ချင်ဘူး၊ နောင်အနာဂတ်မှာ အစ်ကိုနဲ့ ညီမလေး အကြား အက်ကြောင်းထင်ခဲ့ရင်တောင် ဒီကျည်တောက်လေး ထဲမှာ စာတွေ့ခဲ့ရင် ဘာပဲဖြစ်ဖြစ် စာပြန်ပါ့မယ်လို့ ကတိပေးပါ၊ ပြီးတော့ အထင်လွဲမှုကို ဖြေရှင်းကြမယ်၊ နော်?”
ရှောင်းယီက ဝါးကျည်တောက်လေးကို ဝတ်ရုံလက်အိတ်ထဲထည့်လိုက်ပြီး “ကောင်းပြီ” လို့ ကတိပေးလိုက်သည်။
နန်းပေါင်ရီက မီးဖိုကို ကြည့်နေသည်။ စာတွေအားလုံးက လောင်ကျွမ်းသွားပြီး သူမနဲ့ ချန်းတယ်ယွီတို့ရဲ့ အတိတ် ကလည်း ထိုကဲ့သို့လောင်ကျွမ်းသွားပြီပင်။
သူမက အသက်ရှူသံ ငြင်ငြင်သာသာနဲ့ ရုတ်တရက် မတ်တပ်ရပ်လိုက်ပြီး ရှောင်းယီရဲ့ဒူးခေါင်းနားကို ဒူးထောက်ပြီးထိုင်လိုက်သည်။ သူ့ရဲ့ဒူးတွေကိုမှီရင်း သူမရဲ့မျက်နှာလေးကို သူ့ရဲ့ပေါင်တွေပေါ် ဖေးတင်ထားသည်။
သူ့ရဲ့ဝတ်ရုံဆီက အေးမြတဲ့တောင်တန်းနဲ့ ရေတံခွန်တွေရဲ့ရနံ့ကို သူမရှုရှိုက်နေမိသည်။ ထိုရနံ့က သူမကို စိတ်သက်သာရာရစေသည်။
“အစ်ကို ၂ ချန်းအိမ်တော်ကိုပြဿနာရှာရတာ အချိန်ကြာသွားလို့ ညီမလေး နည်းနည်းပင်ပန်းတယ်…”
ရှောင်းယီက သူမကိုငုံ့ကြည့်လိုက်သည်။ ကောင်မလေးရဲ့အောက်ပိုင်းဝတ်စုံက ပန်းပွင့်နီလေး အစွမ်းကုန်ပွင့်အာနေသလို ပြန့်ကျဲနေသည်။ ဘေးဘက်မျက်နှာက ဖြူအုပြီး နူးညံ့နေသည်။ မျက်ခုံးတွေက အနုစိတ်ခြယ်မှုန်းထားသလို ထူးကဲလှပနေသည်။
သူက ခေါင်းလေးကိုထိလိုက်ပြီး “အိပ်လိုက်၊ ငါစောင့်ပေးမယ်”
အနောက်ဘက်ပြတင်းရဲ့အပြင်မှာတော့ နှင်းစက်တွေ ကျဆင်းနေသည်။
ကြမ်းပင်ပေါ်မှာ စောင်အထူတစ်ထည်ရှိနေပြီး ကောင်မလေးက သူ့ရဲ့ဒူးပေါ်မှာ သက်တောင့်သက်သာ မှေးစက်နေသည်။
ရှောင်းယီက ခေတ္တမျှစဉ်းစားလိုက်ပြီး အညိုရင့်ရောင်သားမွှေးအပေါ်ထပ်ဝတ်ရုံကို ငြင်သာစွာ ချွတ်လိုက်ပြီး သူမရဲ့ပုခုံးတွေပေါ်ကလွှမ်းခြုံပေးလိုက်သည်။
သူကစာအုပ်တစ်အုပ်ကိုယူပြီး အေးဆေးစွာ ဖတ်နေလိုက်သည်။
တိတ်ဆိတ်ခြင်းက ကြီးစိုးနေသည်။
အချိန်မည်မျှကြာသွားလဲမသိလိုက်၊ ဟယ်ယဲ့က ကိစ္စရှိလို့ လာတဲ့အခါမှာ ‘မမလေး’ လို့ခေါ်ဖို့ ပြင်လိုက်စဉ်မှာပဲ အံ့အားသင့်သွားသည်။ သူမက ဒုတိယသခင်လေးရဲ့ပေါင်ပေါ်မှာ အသံထွက်ပြီးကို အိပ်ပျော်နေလေသည်။
သူမက ရှောင်းယီကို ဦးညွှတ်နူတ်ဆက်လိုက်ပြီး အသံတိုးတိုးနဲ့ “ဒုတိယသခင်လေး၊ ဒါက တံခါးစောင့်ဆီက ပေးလိုက်တဲ့စာတွေပါ၊ အားလုံးက မမလေးဆီပို့လာတာ”
ရှောင်းယီက ပန်းပွင့်ပုံစားပွဲပေါ်ကို တင်ထားဖို့ အမူအရာနဲ့ပြောလိုက်သည်။
ဟယ်ယဲ့ပြန်ထွက်သွားတဲ့အခါမှာ သူက စာတွေကိုယူပြီးဖတ်ကြည့်လိုက်သည်။ ချမ်းသာပြီး ဩဇာအာဏာရှိတဲ့သူတစ်ယောက်က သူ့ရဲ့အိမ်တော်မှာလုပ်မဲ့ ကဗျာစပ်ဆိုပွဲနဲ့ လက်ဖက်ရည်ပွဲကို နန်းကျောင်းကျောင်းကို ဖိတ်တဲ့စာဖြစ်သည်။
မနေ့က နှင်းရေကန် ကဗျာစပ်ဆိုပွဲက နန်းကျောင်းကျောင်းရဲ့ ‘ချင်ယွမ်ချွန်း’ကဗျာက အရမ်းစိတ်ဝင်စား ဖို့ကောင်းသည်။
နောက်ထပ်စာနှစ်စောင်ရှိသေးသည်။ သူကဖွင့်ဖောက်ပြီး ဖတ်ချင်ခဲ့ပေမယ့် စာကိုဖွင့်မဖတ်ခင် ခေတ္တမျှ  အကြိမ်ကြိမ် ချိန်ဆနေပြီးမှ ပြန်ထားလိုက်သည်။
သူကစာအုပ်မှ စာရွက်အနည်းငယ်ကိုလှန်လိုက်ပေမယ့် မဖတ်နိုင်ခဲ့။ သူ့ရဲ့မျက်လုံးတွေက စာအိတ်တွေ ဆီကိုထပ်ရောက်သွားပြန်သည်။
မနေ့က နန်းကျောင်းကျောင်းကိုကြည့်နေတဲ့ ထိုမြင့်မြတ်တဲ့ သခင်လေးရဲ့မျက်လုံးတွေကို သူမမေ့သေးပေ။ ထိုအကြည့်တွေမှာ သဘောကျနှစ်သက်မှုတွေ၊ အံ့အားသင့်မှုတွေနဲ့ ပျော်ရွှင်မှုတွေ ကိန်းအောင်းနေသည်။
ထိုစာနှစ်စောင်က နောက်လိုက်ငယ်သားတွေက ရေးပေးတာလည်းဖြစ်နိုင်သည်။ သူအနည်းငယ် စစ်ကြည့်သင့်သည်။ အနည်းဆုံးတော့ သူက နန်းကျောင်းကျောင်းကို မကောင်းတဲ့သူတွေရဲ့ လှည့်စားခွင့်ကို မပေးနိုင်ပါချေ။
ထိုသို့စဉ်းစားမိပြီး သူကစာအိတ်ကိုဖွင့်လိုက်သည်။ လုံလောက်ပေပြီ ဒါက ထိုသခင်လေးကိုယ်တိုင် ရေးထားတဲ့စာတွေဖြစ်သည်။
စာထဲတွင် ကောင်မလေးကို နှစ်သိမ့်ထားသည်။ စေ့စပ်ကြောင်းလမ်းခြင်း ဖျက်သိမ်းတယ်ဆိုတာက ဆိုးရွားတဲ့ကိစ္စမဟုတ်ကြောင်း၊ ‘ကမ္ဘာမြေကြီးရဲ့အဆုံးမှာ ဘာမွှေးရနံ့မှမရှိဘူး’ ဆိုတဲ့စကားအတိုင်း ဆိုထားသည်။ ထပ်ဖြည့်ပြောရရင် သူမကိုလက်ထပ်ချင်နေသည်မှာ အသိသာကြီးပင်။
တဏှာရူးကောင်!...
နန်းအိမ်တော်ရဲ့တံခါးစောင့်က ဒီလိုအရူးစာကို ဘာလို့ ပို့ပေးရတာလဲ?
သူကတည်တင်းနေတဲ့မျက်နှာနဲ့ စာကိုပန်းပွင့်ပုံစားပွဲပေါ်ကိုပစ်တင်လိုက်ပြီး “ရှီးခူ!”
ရှီးခူက အခန်းထဲသို့ တိတ်တဆိတ်ဝင်လာသည်။
“သခင်လေး ဘာခိုင်းစရာရှိလို့လဲ”
“နန်းအိမ်တော်ရဲ့တံခါးစောင့်ကိုသွားပြောင်းပစ်လိုက်”
ရှီးခူက ဘာလုပ်ရမယ်မှန်းသိလိုက်သည်။ ရှောင်းယီက ဆက်ပြောလာသည်။
“တံခါးစောင့်ရဲ့မိန်းမကိုပါ တစ်ခါတည်းလဲလိုက်”
တံခါးစောင့်တစ်ယောက်အနေနဲ့ ဒီလိုစာမျိုးကိုစစ်ဆေးပြီးမှ ပို့သင့်သည်။
ဘယ်လိုလက်ထပ်ပွဲမျိုးပဲဖြစ်ဖြစ် နန်းကျောင်းကျောင်းရဲ့မျက်စိရှေ့ကို ရောက်မလာစေရ။
ဆယ်ကြိမ်လောက် စိတ်သောကရောက်ပြီးနောက် သူကထိုအဓိပ္ပါယ်မရှိတဲ့ စာနှစ်စောင်ကို မီးရှို့ပစ်လိုက်ပြီး စာအုပ်ကိုကိုင်ပြီး ဆက်ဖတ်သည်။
သို့သော် စာတစ်လုံးသော်မျှမဖတ်နိုင်ပါချေ။ သူစာဖတ်ဖို့ကြိုးစားနေစဉ်မှာပဲ နန်းပေါင်ရီက နိုးလာခဲ့သည်။
သူမက မျက်လုံးတွေကိုပွတ်လိုက်ပြီး အိပ်ရာနိုးခါစမို့ အက်ကွဲနေတဲ့အသံနဲ့ “အစ်ကို ၂ ဘာလို့…. စာအုပ်ကို ပြောင်းပြန်ကြီးဖတ်နေတာလဲ?”
သူကပေါ့ပေါ့ပဲပြန်ဖြေလိုက်သည်။
“စာလုံးတွေကို ပြောင်းပြန်ဖတ်နိုင်အောင်လေ့ကျင့်နေတာ”
“အစ်ကို ၂ ကတကယ်အံ့အားသင့်ဖို့ကောင်းတာပဲ”
နန်းပေါင်ရီက သူ့ကိုချီးကျူးလိုက်ပြီး ရှောင်းယီရဲ့ဒူးကိုအားပြုရင်းမတ်တပ်ရပ်လိုက်သည်။ သို့သော်လည်း သူမက သူ့ရဲ့ဒူးခေါင်းပေါ်မှာ အကြာကြီးအိပ်ထားတာကြောင့် ထရပ်လိုက်တဲ့အချိန်မှာ ခြေထောက်ကျဉ်နေပြီး ရှောင်းယီရဲ့လက်မောင်းတွေကြားထဲသို့ လဲကျသွားသည်။
ရှောင်းယီက သူမကိုဖမ်းဖို့အခွင့်အရေးကို အမိအရယူလိုက်သည်။ သူက သူမကိုသူ့ရဲ့ဒူးပေါ်မှာတင်ပြီး ပွေ့ထားလိုက်သည်။ သူမရဲ့အောက်ဘက်ပိုင်းဝတ်စုံကိုလှန်လိုက်ပြီး ခြေသလုံးသားလေးကို ငြင်သာစွာ ပွတ်သပ်ပေးလိုက်သည်။
နန်းပေါင်ရီက အလွန်အံ့အားသင့်သွားသည်။ သူမက မျက်လုံးဖွင့်ပြီး ရှောင်းယီကို တဒင်္ဂမျှ မယုံကြည်နိုင်စွာ စိုက်ကြည့်နေသည်။ သူမက ထိုအကြည့်မှာ ဖြည်းဖြည်းချင်း ပျော်ဝင်သွားသလို ခံစားလိုက်ရသည်။
အမတ်မင်းက သူမရဲ့ခြေထောက်တွေကို ပွတ်သပ်လိုက်သည်!..... ထိုအချိန်မှာ ခံစားလိုက်ရတဲ့ အငွေ့အသက်တွေက ဖြေဖျောက်၍ မရနိုင်သလိုပင်။
ရှောင်းယီက မျက်မှောင်ကြုပ်လိုက်သည်။ သူ့ရဲ့လက်မောင်းတွေထဲမှာပွေ့ဖက်ထားတဲ့ မိန်းကလေးက ပြုံးချင်သလို ငိုချင်သလို မျက်နှာနဲ့ဖြစ်နေသည်။ သူခြေထောက်ကိုပွတ်သပ်ပေးလိုက်တဲ့အခါ နန်းကျောင်းကျောင်းရဲ့မျက်နှာလေးက အလျင်အမြန် ပြောင်းလဲနေသည်။
ရှောင်းယီက သူမကိုစမ်းသပ်သလို မေးကြည့်လိုက်သည်။
“ပွတ်ပေးတာက သက်တောင့်သက်သာမရှိလို့လား”
“မဟုတ်ပါဘူး….အရမ်းသက်တောင့်သက်သာရှိပါတယ်…”
တံစက်မြိတ်ရဲ့အောက်ကပြတင်းနားမှာ နန်းယန်က မတ်တပ်ရပ်နေသည်။ အခန်းထဲက လှုပ်ရှားမှုတွေကို သူမ မမြင်နိုင်ပေမယ့် ရှောင်းယီနဲ့ နန်းပေါင်ရီတို့ အပြန်အလှန်ပြောတဲ့ စကားတွေကိုတော့ ကြားနေရသည်။
“အစ်ကို ၂၊ အစ်ကို ပိုပြီး… အာ.. အစ်ကို ၂ ဖြေးဖြေး….”
“ကောင်းလား…. ဖြေးနေလား?”
“အဲ့ဒါက …. အရမ်းသက်တောင့်သက်သာရှိတယ်”
…………….

အာဃာတပြန်တမ်းWhere stories live. Discover now