part 133

2.6K 323 3
                                    

Unicode

အပိုင်း (၁၃၃)

ငါနင့်ကို နှင်းခဲတွေနဲ့ ဖုံးအုပ်သွားစေချင်တယ်
ချန်းတယ်ယွီက အနမ်းခံလိုက်ရတဲ့ မေးဖျားကို ကိုင်ရင်း နန်းယန်ထွက်သွားတာကို ငေးကြည့်နေသည်။
နန်းယန်က ဗဟုသုတကြွယ်ဝ၍ သိမ်မွေ့ပြီး ပါရမီလည်းပါသည်။ ရိုးသားဖြောင့်မတ်ပြီး အရည်အချင်း လည်း ရှိသည်။ ငွေကြေးဥစ္စာတွေကို ဂရုမမူပဲ တခြားသူတွေရဲ့အမှားအတွက် တောင်းပန်ပေး ဖို့ကိုတောင် သူမက လိုလားသည်။
အိမ်ထောင်ပြုမယ်ဆိုရင် နန်းယန်လိုမိန်းကလေးမျိုးကိုသာ လက်ထပ်သင့်သည်။
ချန်းတယ်ယွီနဲ့ နန်းယန်တို့ရဲ့စိတ်တွေက အချင်းချင်း စိတ်ဝင်စားတဲ့ဘက်ကို ယိမ်းနေကြတဲ့အခါမှာ နန်းပေါင်ရီက ချန်းအိမ်တော်ရဲ့ အနောက်ခြံဝင်းကို တစ်ယောက်တည်းပြေးသွား၍ ထိန်းချုပ်ထားသမျှကို ဖွင့်ထုတ်ပစ်လိုက်ပြီး တဟားဟား ရီမောနေသည်။
အတောမသတ်နိုင်အောင်ရီမောပြီးနောက် သူမ အူတွေတောင်နာလာခဲ့သည်။ သူမက ယိုင်ထိုးနေတဲ့ ခါးကိုထိန်းကိုင်ရင်း တောက်ပတဲ့မျက်လုံးတွေနဲ့ ဖြည်းဖြည်းချင်း မော့လိုက်သည်။
သို့သော်လည်း ဘယ်အချိန်ကမှန်းမသိ မျက်လုံးတွေမှာ မျက်ရည်တွေနဲ့ပြည့်နေခဲ့သည်။ သူမဟာ ချန်းအိမ်တော်က လေသာဆောင်၊ ပွဲကြည့်စင်၊ အဆောင်တွေနဲ့ မျှော်စင်ကို တစ်ခုချင်း စိုက်ကြည့်ရင်း အမုန်းတရားတွေနဲ့ ရှက်ရွံ့မှုတွေက သူမရဲ့မျက်လုံးထဲမှာ ထင်ဟပ်နေသည်။ သို့သော် ယခုတော့ ပိုပြီး သက်တောင့်သက်သာ ရှိသွားပြီဖြစ်သည်။
ညတိုင်း အိမ်အသစ်မှာ ဘယ်တော့မှ ပြန်မလာမဲ့ယောကျာ်းကို ထပ်ပြီး စောင့်နေစရာမလိုတော့….
နှင်းတွေကျနေတဲ့အချိန် သခင်မဟောင်ရဲ့အိပ်ခန်းရှေ့မှာ စည်းမျဉ်းစည်းကမ်းတွေကို သင်ယူဖို့ထပ်ပြီး စောင့်နေစရာ မလိုတော့….
ချန်းအိမ်တော်က အစေခံတွေနဲ့ လက်အောက်ငယ်သားတွေရဲ့ အထင်အမြင်သေး လှောင်ပြောင်သရော် နေတဲ့အကြည့်တွေကို ခံစရာမလိုတော့…..
ဂုဏ်သိက္ခာမရှိတဲ့ဘဝနဲ့ ထပ်ပြီးနေစရာမလိုတော့ပါချေ…..
နှလုံးသားကို ထိုးစိုက်ထားတဲ့ နီရဲနေတဲ့သံတိုင်တွေက တဖြည်းဖြည်း ပိုပိုနည်းလာပြီဖြစ်ပြီး ငါးတိုင်သာ ကျန်တော့သည်။ 
သူမက ခေါင်းကို ပင့်မော့လိုက်ပြီး အရူးတစ်ယောက်လိုပြုံးရင်း “အစ်ကိုချန်း၊ ယောက္ခမကြီး၊ ငါပြန်လာပြီ၊ ငါ နန်းပေါင်ရီ ငရဲက ပြန်လာပြီ၊ ဒီနေ့ကစပြီး နင်တို့ ငါနဲ့နန်းမိသားစုအပေါ် တင်နေတဲ့ အကြွေးတွေကို တစ်ခုချင်းပြန်ယူပြမယ်၊ အားလုံးကို ပြန်ယူပြမယ်၊ နင်တို့တွေ အားလုံးသေကြေပျက်စီး ပြီး အရင်ဘဝက ငါစိတ်သောကရောက်ခဲ့ရသလို နင်တို့အားလုံးပြန်ခံစားစေရမယ်၊ ဟား ဟား ဟား…..”
သူမက ကောင်းကင်ကို မော့ကြည့်ရင်း အော်ဟစ်ရယ်မောနေသည်။
လေအေးက ရုတ်တရက် တိုက်ခတ်လာသည်။ ငှက်မွှေးလိုဖြူဖွေးပေါ့ပါးတဲ့ နှင်းစက်တွေက လေနဲ့အတူ လေသာဆောင်ထဲသို့ ဝင်ရောက်မျောပါလာကြပြီး အနီရင့်ရောင် အပေါ်ထပ်ဝတ်ရုံပေါ်မှာ သက်ဆင်း နေပုံက ပန်းချီကားတစ်ချပ်လို လှပနေသည်။
ဟယ်ယဲ့က နေရာတိုင်းမှာ လိုက်ရှာနေပြီး သူမကိုတွေ့တဲ့အခါ လက်ကို ဆုတ်ကိုင်ရင်း စိတ်ပူစွာ ပြောလာသည်။
“မမလေး၊ အစေခံတွေနဲ့ အိမ်စေတွေက အပြင်ဘက်က ရထားလုံးပေါ်မှာစောင့်နေကြတယ်၊ အထဲမှာ တစ်ခုခုဖြစ်သွားတယ်လို့ ကျွန်မကြားလို့ အမြန်ဝင်ကြည့်လိုက်တော့ မမလေးရဲ့ ကြောင်းလမ်းခြင်းက ဖျက်သိမ်းခံလိုက်ရတယ်တဲ့၊ ဒီချန်းအိမ်က ဘာလို့ ရုတ်တရက်ကြီး လက်ထပ်ပွဲကို ဖျက်သိမ်းရတာလဲ၊ ချန်းအိမ်တော်က ဒီလိုလက်ထပ်ပွဲကောင်းတစ်ခု ဘယ်တော့မှ ထပ်မရပါစေနဲ့…..”
သူမက ပူနေတဲ့ဒယ်အိုးပေါ်က ပုရွက်ဆိပ်လို ပူလောင်ပြီး ကျိန်ဆဲနေသည်။
နန်းပေါင်ရီက သူမရဲ့ နှာခေါင်းထိပ်လေးကို ပွတ်လိုက်ပြီး “ချန်းတယ်ယွီက ကောင်းတဲ့လက်တွဲဖော် မဟုတ်ဘူး၊ အနာဂတ်မှာ အဲ့ဒီထက်ကောင်းတဲ့ သခင်လေးတစ်ယောက်နဲ့ အိမ်ထောင်ပြုမယ်လို့ ဒီမမလေးက ကတိပေးတယ်၊ ဟုတ်ပြီလား”
ဟယ်ယဲ့က မျက်မှောင်ကြုပ်လိုက်သည်။ မမလေးက ဝတ်ရုံကြီးဝတ်ထားတာတောင်မှ နှာခေါင်းလေး တွေက အေးလွန်းလို့ နီရဲနေပြီး ပါးစုန့်တွေကလည်း ရဲနေသည်။ ပြီးတော့ မျက်လုံးတွေကလည်း နီရဲနေသည်။ သူမငိုထားတာများလား?
သူမကထပ်ပြီး မပြောတော့ဘဲ ယူလာတဲ့ ယုန်မွှေးအပေါ်ထပ်ဝတ်ရုံကို ဖြန့်လိုက်ပြီး ဂရုတစိုက်နဲ့ နန်းပေါင်ရီကို ဝတ်ပေးလိုက်သည်။
“ဘာပဲဖြစ်ဖြစ်၊ အဲ့ဒီ လိမ်ပိန်နေတဲ့ ဖရဲသီးက ချိုလည်းမချိုပါဘူး၊ ချန်းအိမ်တော်နဲ့ လက်မထပ်ရလည်း မမလေးကို ဘာမှမဖြစ်ဘူး၊ နှင်းတွေကျနေတော့ မမလေးရဲ့ခန္ဓာကိုယ်ကလည်း အေးစက်နေတာပဲ၊ အရေးအကြီးဆုံးက လေအေးအတိုက်ခံပြီး အအေးမမိဖို့ပဲ၊ ချန်းသခင်လေးအတွက် မငိုနဲ့တော့နော်…”
နန်းပေါင်ရီက စဉ်းစားလိုက်သည်။ သူမရဲ့ပုံစံက ဟယ်ယဲ့ရဲ့အမြင်မှာ အရမ်းဆိုးဝါးနေလို့လား? သူမငိုထားတာက ချန်းသခင်လေးနဲ့ လက်မထပ်ရတော့တာကြောင့် မဟုတ်တာတော့ အသိသာကြီးပင်။ သူမက ရှင်းပြဖို့ ပျင်းရိသွားတာကြောင့် မရှင်းတော့ဘဲ အိမ်တော်ရဲ့အပြင်ဘက်ကို လျှောက်သွား လိုက်သည်။
“အရမ်းကောင်းတဲ့ ငါ့ရဲ့ဟယ်ယဲ့၊ အိမ်ပြန်ကြတာပေါ့၊ နောက်ကျရင် အာလူးကင်ချိုချိုလေး သွားစား ကြမယ်၊ မဟုတ်သေးဘူး၊ ခရုကင်အစပ်သွားစားကြမယ်၊ အရင်တစ်ခေါက်က အစ်ကို ၂ ဝယ်ကျွေးတာ စားလို့အရမ်းကောင်းတယ်၊ ဆောင်းတွင်းမှာ ပူပူလေးစားကြမယ်”
ဟယ်ယဲ့က ပြုံးလိုက်ပြီး “မမလေး ကျွေးတာသာဆိုရင် အာလူးကင်ချိုချိုလေးပဲဖြစ်ဖြစ် ခရုကင်ဘဲဖြစ်ဖြစ် ကျွန်တော်မျိုးမအတွက်တော့ ကမ္ဘာပေါ်မှာ အရသာအရှိဆုံး အစားအစာပဲ”
သခင်နဲ့ အစေခံက စင်္ကြန်ကိုဖြတ်ပြီး အတူတူလျှောက်လာကြရင်း တစ်နေရာအရောက် နန်းပေါင်ရီရဲ့မျက်လုံးတွေက ရုတ်တရက် ထိပ်လန့်ပြီး တုန်ခိုက်သွားသည်။
ထိုနေရာက ရှေ့ခြံဘက်ကိုသွားတဲ့ လမ်းဆုံတစ်ခုဖြစ်သည်။ အဝေးက သစ်ပင်ကြီးတစ်ပင်အောက်မှာ ရူးနေတဲ့ လူတစ်ယောက်ကို သူမတွေ့လိုက်သည်။ ထိုသူက ထူထဲတဲ့ အပေါ်ထပ်ဝတ်ရုံကို ဝတ်ဆင်ထားပြီး လက်တွေကို ဝတ်ရုံထဲထည့်ထားသည်။ စက်ဆုပ်ဖွယ်ကောင်းတဲ့ အပြုံးတုတစ်ခုကို ပြုံးရင်း နှင်းတွေကြားမှာ မတ်တပ်ရပ်နေသည်။
နန်းပေါင်ရီ ထိုသူကို မှတ်မိသည်။ ဟောင်တိုင်ကျူး၊ ချန်းအိမ်တော် အိမ်တော်ထိန်းရဲ့ ရူးနေတဲ့ သားတစ်ယောက်ဖြစ်သည်။ အိမ်တော်ထိန်းအဘိုးကြီးက ချန်းအိမ်တော်ရဲ့ သွေးဝေးတဲ့ ဆွေမျိုး ဖြစ်သည်။ အဲ့ဒီအပေါ်မှီခိုပြီး အိမ်တော်ထိန်းအလုပ်ကို သူ့ရဲ့ရူးနေတဲ့သားကိုပေးဖို့ အစီအစဉ်ချ ထားခဲ့သည်။ သူ့သားအတွက် ဇနီးနဲ့ သားသမီးတွေကိုလည်း ဖန်တီးပေးချင်နေသည်။
အရင်ဘဝတုန်းက သူမလက်ထပ်ပြီး ချန်းအိမ်တော်ကို ရောက်တဲ့အခါ အဲ့ဒီအရူးက ငယ်ငယ်ကတည်းက ဖြူစင်တဲ့ မိန်းကလေးတွေအများကြီးကို သတ်ထားတယ်လို့ အစေခံတွေဆီက ကြားခဲ့ရသည်။ သို့သော်လည်း ချန်းမိသားစုရဲ့ ကာကွယ်မှုကြောင့် သူက တဖြည်းဖြည်း အသက်ကြီးလာခဲ့သည်။
သူမထပ်ကြားခဲ့တာက အဲ့ဒီဘဏ္ဍာစိုးက မိန်းမငယ်လေးတွေအများကြီးကို ဝယ်ပြီး ဟောင်တိုင်ကျူးရဲ့ ဇနီးအဖြစ်ထားခဲ့သည်။ ရလဒ်ကတော့ အဲ့ဒီမိန်းကလေးတွေအကုန်လုံး မလွဲမသွေ သေကိန်းရောက်ခဲ့ ကြတာပင်။
နောက်တော့…..
သူမရဲ့ငွေတွေအားလုံးမရှိတော့တဲ့အခါ ဟယ်ယဲ့က သူမကို နွေးထွေးတဲ့အိပ်ရာခင်းတစ်ခု ဝယ်ပေးဖို့ ငွေကို ယူခဲ့ပြီး ထိုတိရစ္ဆာန်နဲ့ လက်ထပ်ခဲ့ရသည်။
ခြောက်သွေ့နေတဲ့ ရေတွင်းပျက်ထဲမှာ ဟယ်ယဲ့ရဲ့အလောင်းကို တွေ့တဲ့အချိန်က ဝမ်းနည်းမှုကို သူမ မမေ့နိုင်သေးပါချေ။
ဟယ်ယဲ့၊ သူမအပေါ်ကောင်းလွန်းတဲ့ သူမနဲ့အတူကြီးပြင်းခဲ့တဲ့ ဟယ်ယဲ့က ရေတွင်းရဲ့အောက်ခြေမှာ ရေခဲပန်းပုလိုမျိုး တောင့်တင်းနေတာကို သူမတွေ့ခဲ့ရသည်။ နှင်းခဲထုကြီးက သူမရဲ့ခေါင်းအစ ခြေအဆုံးကို ဖုံးအုပ်ထားပြီး အစာရေစာငတ်ပြတ် အေးခဲ၍ သေသွားခဲ့သည်။
ရေတွင်းရဲ့အောက်ခြေက အုတ်နံရံတွေမှာ သူမလက်သည်းတွေက သွေးရာတွေပြည့်နေပြီး ထိုအရာတွေက သူမ မသေခင် အပေါ်ကိုတက်ဖို့ ကြိုးစားခဲ့ခြင်းကြောင့်ဖြစ်သည်။ ဟယ်ယဲ့သေဆုံးသွား တုန်းက သူမဘယ်လောက် ဝမ်းနည်းခဲ့ရလဲဆိုတာကို ပြန်လည်မတွေးရဲပါချေ။
“ဟယ်ယဲ့”
သူမက လေသံသဲ့သဲ့ပြုရင်းခေါ်လိုက်သည်။
“မမလေး ဘာဖြစ်လို့လဲ”
“ငါ ရုတ်တရက်ကြီး တူတူပုန်းတမ်း ကစားချင်လာလို့”
“မမလေး၊ ဒါက ချန်းအိမ်တော်လေ၊ မမလေးတူတူပုန်းတမ်းကစားချင်တယ်ဆိုရင် အိမ်အရင်ပြန်ပြီး ရောက်တော့မှကစားရအောင်လေ၊ မမလေးပေါင်ကျူးကိုလည်း ဆုန်းဟယ့်ခြံကိုခေါ်ပြီး အတူကစား ကြမယ်လေ၊ နော်?”
“ငါက ဒီနေရာမှာပဲ ကစားချင်တာ”
နန်းပေါင်ရီက ခေါင်းမာစွာပြောလိုက်ပြီး “ဟယ်ယဲ့ မျက်စိမှိတ်ပြီး တစ်ကနေ နှစ်ထောင်အထိရေနေ၊ ရေလို့မပြီးခင် ဖွင့်မကြည့်ရဘူးနော်”
သခင်မလေးရဲ့ လိုအင်ဆန္ဒကို ဟယ်ယဲ့က မလိုက်လျှောပဲနေလို့မရတော့ချေ။ သူမက မျက်လုံးတွေကို ဖုံးအုပ်လိုက်ပြီး နာခံစွာနဲ့ စတင်ရေတွက်တော့သည်။
နန်းပေါင်ရီက စင်္ကြန်ရဲ့အပြင်ဘက်ကို မြန်မြန်ပြေးသွားလိုက်ပြီး ဟောင်တိုင်ကျူးကို လက်ဝှေ့ရမ်းပြ လိုက်သည်။
“အစ်ကို ဒီကိုလာကစားပါလား”
သူမကိုတွေ့တဲ့အခါ ဟောင်တိုင်ကျူးရဲ့မျက်လုံးတွေက ပြူးကျယ်သွားသည်။
“မိန်းမလှလေး”
သူက လက်ခုပ်တီးလိုက်ပြီး နန်းပေါင်ရီဆီကို ပျော်ရွှင်စွာ ပြေးလာတော့သည်။
“မိန်းမလှလေး၊ ငါနဲ့ကစားရအောင်”
နန်းပေါင်ရီက နောက်နည်းနည်းဆုတ်လိုက်ပြီး “အစ်ကိုဟောင်၊ ညီမတို့ ရှန်ယွမ်ခြံကိုသွားပြီး တူတူပုန်းတမ်း ကစားကြမလား”
ရှန်ယွမ်ခြံဆိုတာက ချန်းအိမ်တော်ရဲ့စွန့်ပစ်ခြံဝင်းတစ်ခုဖြစ်ပြီး သွားဖို့ တားမြစ်ခံထားရတဲ့ နေရာတစ်ခု ဖြစ်သည့်အပြင် ဝေးလည်းဝေးသည်။ အရင်ဘဝက ဟယ်ယဲ့ ထိုနေရာမှာ သေဆုံးခဲ့ခြင်းဖြစ်သည်။
ဟောင်တိုင်ကျူးက ပျော်ရွှင်စွာ ပြန်ပြောသည်။
“ရှန်ယွမ်ခြံ၊ တူတူပုန်းတမ်းကစားမယ်”
နန်းပေါင်ရီက ချန်းအိမ်တော်ဝင်းကို ရင်းရင်းနှီးနှီးသိသည်။ သူမက အစေခံတွေနဲ့ အိမ်စေတွေကို ကွေ့ပတ်ရှောင်သွားပြီး ဟောင်တိုင်ကျူးကိုဦးဆောင်၍ ရှန်ယွမ်ခြံကို ခေါ်သွားခဲ့သည်။
သူမရဲ့မျက်ခုံးတွေက ကောက်ကျစ်ဟန်နဲ့ ကွေးညွတ်နေပြီး “အစ်ကိုဟောင်၊ ဒီကိုလာ”
ဟောင်တိုင်ကျူးက သူမရဲ့နောက်ကို အပြေးအလွှားလိုက်လာပြီး သူမရဲ့မျက်နှာကို လောဘတကြီး အသားငမ်းငမ်း စိုက်ကြည့်နေသည်။ သူက နူတ်ခမ်းတွေကိုကိုက်ရင်း အလျင်အမြန်ရှေိ့သို့ တိုးလာပြီး “မိန်းမလှလေး…. တူတူပုန်းတမ်းကစားရအောင်၊ တူတူပုန်းတမ်း”
သူက အလွန်လျင်မြန်စွာပြေးလာ၍ နှင်းထဲက ကျောက်ခဲတစ်လုံးကိုတိုက်မိပြီး မြေပြင်ပေါ်ကို လဲကျသွားပြီး ရှက်ကိုရှက်ကန်းဖြစ်သွားသည်။
သူပြန်မထရသေးခင် နန်းပေါင်ရီက သူ့ရဲ့မျက်လုံးကို နှင်းတွေနဲ့ ပစ်ပေါက်လိုက်သည်။
“မမြင်ရဘူး၊ မမြင်ရတော့ဘူး”
သူက စိတ်လောနေပြီး မတ်တပ်ရပ်၍ သူ့ရဲ့မျက်လုံးပေါ်က နှင်းစက်တွေကို ဖယ်နေသည်။ ဘေးပတ်ပတ်လည်ကို လက်ဆန့်တန်း၍ လိုက်ရှာနေရင်း နန်းပေါင်ရီကို ဖမ်းဖို့ကြိုးစားသည်။
နန်းပေါင်ရီက ရေတွင်းပျက်ရဲ့နောက်မှာမတ်တပ်ရပ်နေသည်။
သူမကပြုံးရင်း “အစ်ကိုဟောင်၊ ညီမဒီမှာ”
ဟောင်တိုင်ကျူးက သူ့ရဲ့မျက်လုံးတွေကိုလက်တစ်ဖက်နဲ့ပွတ်လိုက်ပြီး နောက်လက်တစ်ဖက်ကို စမ်းရင်း အသံကြားရာဘက်ကို လျှောက်လာသည်။
ရေတွင်းပျက်ရဲ့နူတ်ခမ်းက နိမ့်လွန်းသည်။ သူက ရေတွင်းပျက်ရဲ့နူတ်ခမ်းကို ခလုတ်တိုက်ပြီး ‘အား’ လို့အော်ရင်း ရေတွင်းပျက်ထဲသို့ ပြုတ်ကျသွားတော့သည်။
နန်းပေါင်ရီက သူ့ကိုတည်ငြိမ်စွာကြည့်လိုက်သည်။ သူက ရေတွင်းပျက်အောက်ခြေမှာ ခုန်ရင်း စိတ်ဆင်းရဲစွာ အော်ဟစ်ညည်းညူနေသည်။ သူက သွေးထွက်လာသည့်တိုင်အောင် ရေတွင်းနံရံကို ကုတ်ဖက်ပြီးတွယ်တက်ဖို့ ကြိုးစားနေလေသည်။
နန်းပေါင်ရီက ခါးသီးတဲ့ အသံနက်နက်နဲ့ “နင်က ငါ့ဟယ်ယဲ့ကို အနိုင်ကျင့်ခဲ့တယ်၊ ဖြူစင်မှုတွေကိုလည်း ထိခိုက်နစ်နာစေခဲ့ပြီး လူမဆန်တဲ့လုပ်ရပ်နဲ့ သေကြေပျက်စီးစေခဲ့တယ်၊ နင်လည်း ငတ်မွတ်ခေါင်းပါးပြီး အေးခဲသွားတဲ့အရသာကို ခံစားကြည့်သင့်တယ်”
……………….
နန်းပေါင်ရီက စင်္ကြန်လမ်းကိုပြန်ရောက်လာတဲ့အချိန်ထိ ဟယ်ယဲ့က မျက်လုံးမှိတ်ပြီးရေတွက်နေဆဲပင်။
“မရေနဲ့တော့”
သူမက ဇီးပန်းခက်တစ်ခက်ကို ကမ်းပေးလိုက်ရင်း “နင့်အတွက်”
ဟယ်ယဲ့က မျက်လုံးတွေကို ဖွင့်လိုက်ပြီး ဇီးပန်းခက်ကို အံ့အားသင့်စွာယူလိုက်သည်။
“မမလေးက တူတူပုန်းတမ်းကစားမယ်လို့ ပြောထားတာမဟုတ်ဘူးလား”
“ပျော်စရာမကောင်းဘူး၊ အိမ်ပြန်ကြမယ်”
“အိုး….”
ဟယ်ယဲ့က နန်းပေါင်ရီရဲ့နောက်ကလိုက်ရင်း ခေါင်းကိုငုံ့ပြီး ဇီးပန်းလေးကို မွှေးကြူလိုက်သည်။ မွှေးကြူနေရင်း သူမရဲ့မျက်လုံးတွေက နီရဲလာကြသည်။
တကယ်တော့ မမလေးထွက်သွားတဲ့အချိန်မှာ သူမလည်း စင်္ကြန်မှာရပ်ပြီး ရေတွက်ဖို့ကို နာခံမနေတော့ဘဲ သူမရဲ့နောက်က တိတ်တဆိတ်လိုက်သွားခဲ့သည်။
မမလေးကပြောတယ်။ အဲ့ဒီအရူးက သူမကို ‌အနိုင်ကျင့်ခဲ့တယ်တဲ့။
ဘယ်တုန်းက အနိုင်ကျင့်ခံခဲ့ရမှန်း သူမ မမှတ်မိပေမယ့် ရေတွင်းပျက်ကို တွေ့တဲ့အခါမှာ မခံမရပ်နိုင်အောင် ဝမ်းနည်းပြီး ရှင်းပြလို့မရတဲ့ခံစားချက်မျိုး ခံစားခဲ့ရသည်။ သူမအဲ့ဒီနေရာမှာ မြှုပ်နှံခံခဲ့ရသလို ခံစားချက်မျိုးပင်။
သို့သော် အဲ့ဒီအရူး ရေတွင်းပျက်ထဲကျသွားစဉ်မှာ သူမရဲ့ပုခုံးပေါ်က မသက်မသာခံစားချက်တွေအားလုံး ရုတ်တရက် ပျောက်ကွယ်သွားပြီး မကျေနပ်ချက်တွေကို ကလဲ့စားချေနိုင်ခဲ့သလိုမျိုး စိတ်ပေါ့ပါး ပျော်ရွှင်လာသည်။
မမလေးက အတွေ့အကြုံတွေ အများကြီးရှိပြီး လျှို့ဝှက်ချက် တော်တော်များများကို သိနေတယ်လို့ သူမခံစားရသည်။
ဒါပေမယ့် ဘာပဲဖြစ်ဖြစ် မမလေးက ကမ္ဘာပေါ်က အကောင်းဆုံးသခင်မလေးပင်ဖြစ်သည်။
……………………..

အာဃာတပြန်တမ်းTahanan ng mga kuwento. Tumuklas ngayon