part40

4K 493 1
                                    

unicode
အပိုင်း (၄၀)

ပြိုင်ဘက်ကင်း သခင်မလေး နန်း (၄)

အချိန်ကလည်း တရွေ့ရွေ့ကုန်ဆုံးနေပြီ။

အမွှေးတိုင်တစ်ဝက်မကုန်သေးခင်အချိန်မှာပင် နန်းယန် က ယုံကြည်ချက်ရှိစွာနှင့် သူမ၏စုတ်တံကို ချလိုက်သည်။ သူမဆွဲထားသောပန်းချီကားကို စိတ်ကျေနပ်စွာကြည့်ရင်း နန်းပေါင်ရီ ကို လှမ်းကြည့်လိုက်သည်။

နန်းပေါင်ရီ က သူမနှင့် အလွန်အလှမ်းဝေးလှသဖြင့် နန်းပေါင်ရီ ဆွဲနေသည့်ပုံကို သူမမမြင်ရပေ။ သူမ၏ပန်းချီသင်ပေးသည့်ဆရာက ပန်းချီဆွဲရာတွင် စိတ်အားထက်သန်ခြင်းနှင့် နူးညံ့ခြင်းတို့ လိုအပ်သည်ဟု ပြောခဲ့ဖူးသည်။ သူမဂရုတစိုက် သေချာဆွဲထားသဖြင့် နန်းပေါင်ရီ သူမကို လိုက်မှီလိမ့်မည်မဟုတ်ပေ။

ဒီပြိုင်ပွဲတွင် သေချာပေါက် သူမအနိုင်ရလိမ့်မည်။

အမွှေးတိုင်တစ်ချောင်းလောင်ကျွမ်းသည့်အချိန်ပမာဏ ကုန်ဆုံးသွားပြီးနောက် မောင်းတီးသံထွက်ပေါ်လာပြီး နန်းပေါင်ရီ က သူမစုတ်တံကို တည်ငြိမ်စွာချလိုက်သည်။

ပန်းချီပြိုင်ပွဲ၏ ခေါင်းစဉ်မှာ နွေဦးပန်းပွင့်များဖြစ်သည်ကို အတိတ်ဘဝမှသိရှိထားခဲ့သဖြင့် ပြိုင်ပွဲတွင်ပါဝင်ရန် သူမဆုံးဖြတ်ခဲ့သည်။

ချမ်းသာကြွယ်ဝသောမိသားစုများမှ သမီးမိန်းကလေးများသည် အရောင်အသွေးစုံသောပန်းများကို နှစ်သက်ကြသဖြင့် အရောင်စုံသည့်ပန်းများကို ကောင်းကောင်းမွန်မွန်ဆွဲတတ်ကြသည်။ အကယ်၍ ပန်းချီကားများကို အတူတကွယှဉ်တွဲလျှင် အထက်တန်းမဆန်သောကြောင့် အခြားနည်းလမ်းကိုရွေးချယ်ရန် သူမဆုံးဖြတ်ခဲ့သည်။

စစ်ဆေးသူက ပန်းချီစာရွက်များကို လာရောက်ကောက်သိမ်းသည့်အခါ နန်းပေါင်ရီ စာရွက်ကိုကြည့်လိုက်ပြီး ခေါင်းတခါခါနှင့် ...

"သခင်မလေး နန်း ... ပုံမှာ ပန်းတစ်ပွင့်မှလည်းမပါဘူး ဒါက ခေါင်းစဉ်နဲ့သွေဖယ်မှာစိုးမိပါတယ်"

နန်းပေါင်ရီ က ချစ်စဖွယ်ပြုံးလိုက်ပြီး ...

"ကိစ္စမရှိပါဘူး ယူသွားလိုက်ပါ"

အာဃာတပြန်တမ်းWhere stories live. Discover now