" အိမ်သော့ကိုပြန်လာပေးတာပါ "

စားပွဲအပေါ်ကိုသော့တင်ပေးပြီး ထိုအမျိုးသမီးကအိမ်ထဲကိုဝေ့ဝဲကြည့်နေ၏ ။ ထိုအချိန် မတိုးမကျယ်သည့်ခြေသံနှင့်အတူ

" သြော်...ညီမ "

ဆိုသည့် အသံက မားဆီမှထွက်ပေါ်လာ၏ ။

" အိမ်သော့ပြန်လာပေးတာ အစ်မ ၊ ညီမတို့အိမ်မှာတော့ ချက်ထားတဲ့ထမင်းအပိုရှိတယ် ၊ လောလောဆယ်စားဖို့ယူထားမလား "

" မယူတော့ဘူး ညီမ ၊ အစ်မတို့လဲဗိုက်မဆာသေးဘူးဆိုတော့ အစ်မဘာသာပဲချက်လိုက်တော့မယ်နော် "

" အဆင်ပြေတယ်ဆိုရင်လဲ ပြီးတာပါပဲ အစ်မ ၊ သက်ကောင်းလူကတော့ မနက်ဆယ်နာရီလောက်ဆိုရင် ဒီကိုခဏလာတယ် ၊ အစ်မတို့ပြန်လာမှပဲ အိမ်မှာပြန်လာနေမယ်လို့ ပြောတာပဲ "

စားပွဲအပေါ်တင်ထားသည့် ဦးကျော်ဝင်း၏လက်နှစ်ဖက်မှာ လက်သီးဆုပ်အသွင်သို့ပြောင်းသွားပြီး မေးရိုးများကလည်းထောင်ထလာသောအခါ ဘေးဘက်အိမ်ရှိအမျိုးသမီးက ဒေါ်သက်ထားဆွေ၏မျက်နှာကို မျက်နှာငယ်လေးဖြင့်လှမ်းကြည့်လာ၏ ။

" အဲဒါဆိုရင် အိမ်မှာအလုပ်လေးတွေရှိလို့ ပြန်လိုက်အုံးမယ်နော် ၊ တစ်ခုခုလိုရင် ကျွန်မကိုလှမ်းခေါ်လိုက်ပါ "

ထိုစကားကိုသာပြော၍ အိမ်ထဲမှခပ်သွက်သွက်ထွက်သွားသည့်အတွက် တုံ့ပြန်စကားကိုပင် ပြန်၍မပြောလိုက်နိုင်ပေ ။

" မား အိမ်ရာခင်းလဲခဲ့ပြီ ပါး ၊ ခဏဖြစ်ဖြစ်သွားလှဲနေလိုက်ပါလားကွယ် "

ပါးက သူ့ကိုမျက်လုံးပင့်ကြည့်လာပြီးမှ ခေါင်းကိုဖြည်းဖြည်းညိတ်ပြ၏ ။ သည်ရက်ပိုင်းအတွင်း သိသိသာသာရုပ်ကျသွားသည့် ပါး၏ပုံစံမှာ အပူသောကအပြည့် ။ ကောင်းကောင်းမစား ၊ ကောင်းကောင်းမအိပ်သဖြင့် လန်းလန်းဆန်းဆန်းမရှိ ။

" မားလဲ ခဏနားလိုက်ပါလား "

" မားက ကားအပေါ်မှာအိပ်လာတယ်လေ ပါးရဲ့ ၊ အိပ်ရေးဝသွားပြီဆိုတော့ အိပ်လဲပျော်မှာမဟုတ်ပါဘူး ၊ ပါးပဲ စိတ်ချလက်ချနားလိုက်နော်... သွား...သွား...ခဏသွားနားလိုက် "

My Green Forest ( Complete) Where stories live. Discover now