“ ဘာစိတ်ရှုပ်စရာမှ မရှိပါဘူး...ဘာလို့လဲ ? ”

“ ဟုတ်လား ? မင်းစိတ်မရှုပ်ဘူးဆိုလို့ တော်သေးတာပေါ့....ဒါပေမဲ့ ငါကတော့ ဒီရက်တွေမှာ အရမ်းစိတ်ရှုပ်နေရတယ် ”

“ ဘာလို့လဲ ? ”

ထယ်ယောင်းက သင်္ချာစာအုပ်ကိုထုတ်ရင်း မေးသည် ။ ဂျောင်ကုကတော့ ထယ်ယောင်း၏ ဘေးတိုက်မျက်နှာလေးကိုကြည့်ကာ ပြုံးလိုက်ရင်း

“ ငါတစ်စုံတစ်ယောက်ကို သဘောကျနေမိသလိုပဲ ”

ထယ်ယောင်း၏လက်တို့က ရပ်တန့်သွားပြီး အနည်းငယ်အံ့ဩသွားဟန်ဖြင့် ဂျောင်ကုကိုကြည့်လာသည် ။

“ အိုး...ဂုဏ်ပြုပါတယ်...မင်းသဘောကျနေတဲ့သူကလည်း မင်းကိုသေချာပေါက် ပြန်ပြီးသဘောကျမှာပါ ”

ထယ်ယောင်းက စိတ်ရင်းဖြင့်ဂုဏ်ပြုစကားပြောဟန်ပြုသော်လည်း သေချာနားထောင်လျှင် ချဉ်စူးစူးအနံ့အသက်လေးရောယှက်နေသည်ကို သိရပေမည် ။ ထယ်ယောင်း၏အပြုအမူတို့ကို အသေးစိတ်လိုက်ကြည့်နေသည့် ဂျောင်ကုက ၎င်းကိုသတိမထားမိဘူးဆိုသည်မှာ မဖြစ်နိုင်ရာ ။

“ အင်း...မင်းပြောသလိုပဲဖြစ်ပါစေလို့ ဆုတောင်းရမှာပဲ...ငါကသူ့ကိုတကယ်သဘောကျတာမလို့ သူ့နှလုံးသားထဲကို ဖြည်းဖြည်းချင်းနေရာယူမှာ ”

လွယ်အိတ်ကိုကိုင်ထားသည့် ထယ်ယောင်း၏လက်တို့ကတင်းကျပ်သွားပြီး မျက်တောင်တို့ကလည်း သဘာဝမကျစွာလှုပ်ခတ်သွားသည် ။ သို့သော်လည်း ထယ်ယောင်းက ဟန်ဆောင်ကောင်းစွာဖြင့် ဂျောင်ကုအား ပြုံးပြလိုက်ပါ၏ ။

“ အင်း...ကောင်းတာပေါ့ ”

ထို့နောက် အတန်းထဲသို့ ဆရာမဂိုဝင်လာတာကြောင့် နှစ်ယောက်သားစကားစပြတ်သွားသည် ။ ထယ်ယောင်းက ထိုအချိန်မှစ၍ ဂျောင်ကုကိုလျစ်လျုရှုလိုက်ကာ မျက်နှာကလည်း ယခင်ကဲ့သို့ မာထန်သည့်သဏ္ဍာန်ပြန်ပေါ်လာသည် ။ ဂျောင်ကုကတော့ ထယ်ယောင်း၏ ဆူပုပ်ပုပ်မျက်နှာလေးကိုကြည့်ကာ သဘောကြီးကျသွားသည် ။

၎င်းက ထယ်ယောင်းသည်လည်း သူ့အပေါ်စိတ်ဝင်စားနေပြီဖြစ်ကြောင်း သက်သေဖြစ်သည်ပဲလေ ။ အစောကပြောလိုက်သည့် စကားတို့ကလည်း ထယ်ယောင်း၏သူ့အပေါ်သဘောထားကိုသိချင်တာကြောင့် စမ်းသပ်လိုက်ခြင်းဖြစ်သည် ။ ကြည့်ရသည်ကတော့ သူကိုယ်တိုင်ကလည်း ထယ်ယောင်း၏နှလုံးသားတစ်နေရာတွင် နေရာယူနှင့်နေပြီ ဖြစ်လောက်မည် ။

Compatible Pheromones |TK|✓Kde žijí příběhy. Začni objevovat