Chapter 9

3.7K 409 24
                                    

(Unicode)

ဆက်လက်လည်ပတ်ဖို့ရန်အတွက် စိတ်မပါတော့သည့် သူတို့သုံးဦးသည် အိမ်ပြန်ရန်အတွက်သာဦးတည်လိုက်ကြသည် ။ အချိန်အခါအားဖြင့် နေ့လည်စာစားသင့်သည့်အချိန်ဆိုပေမဲ့လို့ စားချင်စိတ်လည်းရှိမနေကြတော့ပါ ။

ဘတ်စ်ကားမှတ်တိုင်၌ ဆယ်မိနစ်မျှဘတ်စ်ကားစောင့်ပြီးသောအခါတွင် မှတ်တိုင်၌ဘတ်စ်ကားကဆိုက်ရောက်လို့လာသည် ။ ထို့ကြောင့် သုံးယောက်သားလည်း ဘတ်စ်ကားပေါ်သို့တက်လိုက်ကာ ထယ်ယောင်းကပင် လူနှစ်ဦးစာငွေရှင်းလိုက်ပြီး အသေးလေး၏လက်ကိုဆွဲကာ နောက်ဆုံးခုံ၌သွားထိုင်လိုက်သည် ။ နောက်ဆုံးမှ တက်လာသည့်ဂျောင်ကုမှာတော့ သူ့အတွက်ကျသင့်ငွေအားကိုယ်တိုင်ပင်ရှင်းလိုက်ကာ နောက်ဆုံးနေရာသို့သွားထိုင်လိုက်သည် ။ မတည့်သည့်နှစ်ယောက်အတွက်တော့ ထုံးစံအတိုင်းပက် ဟီယူက အလယ်၌သာထိုင်ရရှာသည် ။

မှတ်တိုင်မှတရွေ့ရွေ့ထွက်ခွာလာသည့် ဘတ်စ်ကားအတွင်း၌ ကားစက်အင်ဂျင်သံခပ်တိုးတိုးမှလွှဲ၍ အခြားအသံများကမကြားရ ။ တစ်ခါတစ်ရံ ကားမောင်းသမားညည်းသည့် လေးသွဲ့သွဲ့သီချင်းသံကသာ ဘတ်စ်ကားပေါ်တွင် ကြီးစိုးနေသည် ။ သူတို့သုံးဦးကြားတွင်တော့ ကိုယ့်အတွေးနှင့်ကိုယ်မလို့ ဘာစကားမှမဆိုမိကြ ။ ဂျောင်ကုကတော့ ယခုထိတိုင် ဆိုင်ကယ်အကြောင်းတွေးနေမိကာ ထယ်ယောင်းကတော့ အိမ်ပြန်ရောက်လျှင် သင်္ချာအိုလံပစ်အတွက်လေ့ကျင့်ရမည့်မေးခွန်းများအားတွေးနေလေသည် ။ ဟီယူကတော့ မကြာသေးခင်က ထယ်ယောင်းပြောခဲ့သည့် " ငါ့ဆိုင်ကယ် ယူလိုက် " ဆိုသည့်စကားတို့က သူမ၏အတွေးထဲတွင် တဝဲလည်လည်ဖြစ်လို့နေသည် ။

' ထယ်ယောင်းက ဂျောင်ကုအပေါ် ဒီလောက်ထိတောင်သဘောထားကြီးတယ်ပေါ့လေ...အကန့်သတ်နဲ့ထုတ်ထားတဲ့ဆိုင်ကယ်တစ်စီးလုံးကိုပေးပစ်လိုက်တဲ့အထိလေ '

ထယ်ယောင်းတကယ် ပေးမည် မပေးမည်ကိုမသိပေမဲ့လို့ ဟီယူ၏စိတ်ထဲတွင်တော့ အနှီအယ်လ်ဖာနှစ်ဦးသည် တစ်ဦးကိုတစ်ဦး မုန်းတီးခြင်းတစ်စက်မှမရှိကြသည့် ပြိုင်ဖက်များဟုသာမှတ်ယူသည် ။ ဒါကတကယ်ကိုကောင်းသည်ပဲမလား...ဒီလိုအခြေအနေမျိုးမှာ မေတ္တာသက်ဝင်ခြင်းမရှိဘူးဟု မပြောနိုင်ချေ ။ ဒီအချိန်မှာ ပြိုင်ဖက်ဟုသတ်မှတ်ထားကြပေမဲ့ တစ်ချိန်တွင်တော့ ချစ်ဖက်တွေဖြစ်လာနိုင်ကြသည်ပဲ ။ ထို့ကြောင့် ဟီယူကတော့ ဒီအတွဲအားအဆုံးစွန်ဆုံးထိပံ့ပိုးရန်ဆုံးဖြတ်လိုက်ပြီဖြစ်သည် ။

Compatible Pheromones |TK|✓Where stories live. Discover now