PART 59(Z+U)

1.2K 106 21
                                    

Zawgyi

"ကျွန်တော့်ကို မနောက်ပါနဲ့"

ဆွေးနွေးမှုပြီးလို့ ပြန်ထွက်လာချိန်မှာတော့ စိတ်ဝင်စားမှုအမြင့်ဆုံးအနေနဲ့ရှိနေသည့်သတင်းကို တွေ့လိုက်ရသည့်ဦးမင်းဗညားအပါအဝင် ရင်းနှီးမြှုပ်နှံသူအားလုံးဟာ အလွန်အမင်းအံ့အားသင့်သွားကြသလို အဏ္ဏဝါကို သံသယမေးခွန်းတွေထုတ်လာခဲ့ကြ၏။

ဘယ်သူနဲ့တွဲနေတယ်ဆိုတာက ကိုယ်ရေးကိုယ်တာကိစ္စဖြစ်၍ထိုကိစ္စကို မပြောကြပေမယ့် စီးပွားရေးပိုင်းကိုပြောထားတာတွေကြောင့် ထိုသူတို့က မငြိမ်မသက်ဖြစ်ကြခြင်းဖြစ်၏။

စီးပွားရေးအကျိုးအတွက် ခုတုံးလုပ်တာလား... ထိုသူဌေးဆီကနေ မျက်နှာသာပေးခံရအောင်လုပ်လေသလားဆိုပြီးရေးထားပုံက ပိုင်းလုံးမဖြစ်ရုံတမယ်မို့ ဒါဟာ ဂုဏ်သိက္ခာကိုထိပါးပုတ်ခတ်နေမှန်းသိသာလှ၏။ အဏ္ဏဝါရဲ့လုပ်ရည်ကိုင်ရည်ကို သိကြသူတွေက ယုံပေမယ့် သူဟာလုပ်ငန်းရှင်အသစ်တွေနဲ့လည်း လက်တွဲဖို့ရှိနေတာကြောင့် ဒီသတင်းက ထိုသူတွေဘက်ကယုံကြည်မှုကိုယိုင်နဲ့စေသည်ပင်။

ဒါကြောင့် ပရိုဂျက်တချို့ ဖျက်သိမ်းချင်သည်ဆိုပြီးအကြောင်းကြားမှုတွေလည်းရောက်လာခဲ့ပြီး အတွင်းထဲက မငြိမ်သက်မှုနဲ့မေးခွန်းတွေကိုလည်းထိန်းရနေသဖြင့် အတော်ကို ဝရုန်းသုန်းကားဖြစ်နေလေ၏။

ထိုသတင်းကိုမြင်လိုက်ရချင်း အဏ္ဏဝါမှာ စိတ်လည်းတိုသလို အတော်လည်းစိတ်ရှုပ်သွားလေ၏။
ဘာလို့ဆို သတင်းရဲ့နောက်ဆုံးမှာပါလာသည့်ပုံထဲမှာ အဏ္ဏဝါက အမျိုးသားတစ်ယောက်ကို ကျောပြင်ကနေသိုင်းဖက်ထားသည့်ပုံဖြစ်နေပြီး ထိုသူကတော့ ဘေးတစောင်းသာပေါ်၏။ ကြည်နူးမှုတွေပေါ်လွင်နေသည့်သူ့မျက်နှာကိုကြည့်ရုံနဲ့တင် ဘယ်လိုအခြေအနေဆိုတာကိုရိပ်မိစေတာကြောင့် ထိုပုံကို စိတ်ဝင်စားမှုများနေကြပြီး ပြောဆိုထားတာတွေကလည်း အကောင်းရော၊ အဆိုးရော စုံနေသည်။

အဏ္ဏဝါက ထိုသတင်းဖြန့်သူကိုရအောင်ရှာဖို့နဲ့ ထိုသတင်းကိုအမြန်ဖျက်ချဖို့ Codeကို လှမ်းခိုင်းလိုက်၏။ ထို့နောက် စိတ်ရှုပ်နေရင်းမှ သူ့ရှန်းလေးအတွက်လည်းစိုးရိမ်နေတာမို့ ဖုန်းလှမ်းခေါ်လိုက်သည်။ သို့သော် ဘယ်လောက်ခေါ်ခေါ် ပြန်ဖြေလာခြင်းရှိမနေခဲ့တာကမှ အဏ္ဏဝါရဲ့စိုးရိမ်စိတ်ကို ထိန်းလို့နည်းနည်းတောင်မရချင်ချင်ဖြစ်လာစေတော့၏။

"My Only One" ✔️Where stories live. Discover now