PART 36(Z+U)

1.3K 119 4
                                    

Zawgyi

"ကိုယ်တိုင်သတိမထားမိသည့် တကယ့်အားနည်းချက်"


"ကျစ်!"

အစည်းအဝေးခန်းထဲရှိ စားပွဲရှည်၏ထိပ်ဆုံးနေရာမှပုဂ္ဂိုလ်က ရေရွတ်သံပြုလိုက်ချိန် တင်ပြဆွေးနွေးနေသည့်မန်နေဂျာလေးမှာ စိုးရိမ်တကြီးရပ်သွားရပုံက တန့်ကနဲပင်။

နားထင်ကိုလက်ဖြင့်ထောက်ကာ မျက်လုံးတွေမှိတ်ထားသည့် ဥက္ကဋ္ဌဖြစ်သူကြောင့် ဘေးခုံရှိစံစံအပါအဝင် အားလုံးငြိမ်ကျသွား၏။

မိနစ်ဝက်လောက်ကြာတော့မှ ရှန်းက သက်ပြင်းတစ်ချက်ချလိုက်ပြီး LEDပရိုဂျက်တာ မျက်နှာပြင်ကိုညွှန်ပြကာ

"ဆက်ပြောပါ"

ကြက်သေသေ သေနေခဲ့သည့် မန်နေဂျာအသစ်ကလေးမှာတော့ ရင်တမမနဲ့ ခြေတုန်လက်တုန်မဖြစ်အောင် မနည်းစိတ်ဖြေလျော့ပြီး သူ့တင်ပြချက်ကို ဆက်ပြောတော့၏။
ပထမဆုံးတင်ပြချက်မှာပဲ အအော်ခံရတော့မှာလားဟူ၍ လန့်လည်းလန့်နေလေရဲ့။ သို့ပေမယ့် ပြီးဖို့ မိနစ်ပိုင်းလေးသာလိုတော့တာမို့ သူ့မှာ ရှိစုမဲ့စုအားတင်းထားနေရသည်သာ။

ဘေးရှိစံစံကတော့ တစ်ဖက်ကိုလည်းနားစွင့်နေရင်း ရှန်းကိုလည်း လှမ်းအကဲခတ်သတိထားကြည့်နေ၏။

ဒီမနက်ရုံးကိုလာကတည်းက တစ်ရေးမှမအိပ်ထားသလို မျက်နှာနဲ့ နွမ်းလျနေပြီး လန်းလန်းဆန်းဆန်းဖြစ်မနေခဲ့တာမို့ အရိပ်အခြည်ကြည့်နေခဲ့မိခြင်း။

ဒါ့အပြင် စိတ်နဲ့လူနဲ့မကပ်သလို တွေးတွေးတောတောဖြစ်နေပြီး အလုပ်မှာလည်း အလွဲလေးတွေ လုပ်ခဲ့ပြန်သေးတာမို့။

ဥပမာ လက်မှတ်ထိုးဖို့လာပေးသည့်စာရွက်တွေကို အမှိုက်ပုံးထဲထည့်ပစ်လိုက်တာမျိုး၊ အလုပ်အစီအစဉ်အကြောင်း ပြောပြတုန်းက ခေါင်းညိတ်နေခဲ့ပြီးမှ စကားလည်းဆုံးရော အစကပြန်ပြောခိုင်းတာမျိုး။
တစ်ကြိမ်တည်းလည်းမဟုတ်။ တစ်ယောက်တည်းလည်းမဟုတ်။ ထုတ်လုပ်မှုပိုင်းက မန်နေဂျာဆို ပြန်ပြောခဲ့ရတာ သုံးကြိမ်တိတိ။

သူမ၏သူဌေးအကြောင်း ကောင်းကောင်းသိနေပြီဖြစ်သည့်စံစံအဖို့ ရှန်း၏ဒီလိုအမူအရာဟာ လုံးဝပုံမှန်မဟုတ်ဘဲ အကြီးအကျယ်တွေးတောနေရစေသည့် ကိစ္စကြီးတစ်ခု ဖြစ်ပျက်ခဲ့သည်ဟု ချက်ချင်းယူဆခန့်မှန်းနိုင်လေသည်။

"My Only One" ✔️Hikayelerin yaşadığı yer. Şimdi keşfedin