PART 22(Z+U)

1.7K 153 16
                                    

Zawgyi

"လမ်းမထက်က မှေးမှေးမှိန်မှိန်ပုံရိပ်လေးတစ်ခုအား
ပြန်ပြောင်းအောက်မေ့မိခြင်း"

ဒီရပ်ကွက်ဘက်မှာ အိမ်ယာမဲ့ပြီး လမ်းပေါ်မှာပဲနေထိုင် တောင်းရမ်းနေသည့် ကလေးတချို့ရှိသည်ကို သူသိခဲ့၍ ဂေဟာမှာခေါ်မွေးဖို့ လွန်ခဲ့တဲ့လကတည်းက ဒီကုန်းကျော်တံတားဘက်တွေနှင့် ရပ်ကွက်တွေဘက်မှာ ရှန်းကတစ်ချိန်လုံး လိုက်ရှာနေခဲ့တာဖြစ်သည်။

နေ့လည်ဘက်တွေသူမအား၍ လိုက်ရှာရန် ဂေဟာက သက်ကိုကို သူတာဝန်ပေးခဲ့ပြီး ညဘက်တွေတော့ တတ်နိုင်သလောက်သူလိုက်ရှာခဲ့၏။ သို့သော် ရှာမတွေ့ခဲ့။ ယခုတော့ သူ့ဆန္ဒတွေပြည့်ပြီဖြစ်သည်။

သက်ကို၊ ဂေဟာမှ ကလေးသူငယ်များရှာဖွေသည့်တာဝန်ခံ မမေခင်နွယ်နှင့် ကားမောင်းသည့် ဦးချစ်ညို တို့က ကလေးသုံးယောက်ကို ချော့မော့ အကျိုးအကြောင်းပြောပြပြီး ဂေဟာဆီကို ဒီညခေါ်သွားနိုင်တော့မည် ဖြစ်သည်။

ကလေးသုံးယောက်မှာ ငါးနှစ်မိန်းကလေးတစ်ယောက်၊ ခြောက်နှစ်နှင့် ခုနစ်နှစ်အရွယ်ယောက်ျားလေးတို့ဖြစ်ပြီး သူတို့က သက်ကိုတို့ကိုတွေ့တွေ့ချင်း ထိတ်လန့်နေခဲ့ကြ၏။

ကလေးတွေရဲ့အဝတ်အစားများမှာ ပေညစ်လို့နေပြီး အပေါက်အပြဲများကလည်း ဗလပွ။ အာဟာရပြည့်ဖို့မပြောနှင့် နပ်မှန်အောင်တောင်စားသောက်ခဲ့ရပါ့မလားမသေချာသည့် သူတို့လေးတွေခမျာ ပိန်ပိန်ကလေးတွေ။

သက်ကိုတို့ ချော့မော့မေးမြန်းချက်အရ သူတို့ကမိဘတွေမရှိတော့ကြောင်း၊ မောင်နှမအရင်းတွေတော့မဟုတ်ကြောင်း၊ သူတို့ကိုလိုက်တောင်းရမ်းခိုင်းသည့် လူတွေက သူတို့ကို ရိုက်နှက်ကြိမ်းမောင်းကြောင်း၊ ဒီကုန်းတံတားအောက်မှာပဲ နေရကြောင်းတွေပါ ပြောပြကြ၏။

ရှန်းက ကောင်ကလေး၏ပခုံးလေးကို ဖွဖွဆုပ်ကိုင်ထားရင်း သူတို့ကိုမကြောက်ဖို့နှင့် ယုံကြည်လို့ရကြောင်း အားပေးနေရင်းနဲ့ ကိုယ်တိုင် ဝမ်းနည်းလာသည်ထင်။ သူ၏အသံမှာ အနည်းငယ်အဖျားခတ် တိမ်ဝင်လို့နေ၏။

"My Only One" ✔️Where stories live. Discover now