''ဒါဆို ဘာလို့သားကိုရွေးတာလဲ ''

''ဒီလိုကလေးဆန်တဲ့လှည့်ကွက်လေးတွေကို အဖေကမမြင်ပဲနေပါ့မလား '' သူက ဆက်ပြောလာသည်။ '' အဲ့ဒါတွေနဲ့ယှဥ်ရင် သူတို့ကိုအဆုံးထိခွင့်မလွှတ်ပေးပဲ အဆောင်ပြောင်းလာတဲ့ သားရဲ့လုပ်ရပ်ကို အဖေပိုကြိုက်တယ် '' သူ ယန်းချင်းချီကိုကြည့်ရင်း '' ဒီမှာ ငါ့သား လူဆိုတာ ကိုယ်ပိုင်အတွေးအခေါ်၊ ကိုယ်ပိုင်စွမ်းရည်နဲ့ ဆုံးဖြတ်ချက်ချနိုင်ရတယ် သားက အရမ်းကောင်းပါတယ် အငယ်လေးတွေနဲ့တည့်တဲ့အပြင် သူတို့ကိုလည်းကောင်းကောင်းဂရုစိုက်နိုင်တယ် အဖေက သားရဲ့တွေးခေါ်နိုင်စွမ်းနဲ့ သူများအပေါ်ကြင်နာတတ်တာ၊ ဖြည့်တွေးပေးတတ်တာတွေကို သဘောကျသွားတာ အဲ့နှစ်ချက်နဲ့တင် သားကိုရွေးချယ်ဖို့ လုံလောက်နေပါပြီ ''

ယန်းချင်းချီတစ်ယောက် သူ့မွေးစားအဖေက သူ့ကိုသဘောကျတယ်ဆိုတာကိုကြားလိုက်ရတော့ အရမ်းကိုပျော်သွားကာ ခေါင်းကိုငုံ့ရင်း ကျေနပ်အားရစွာပြုံးနေခဲ့သည်။

ဒီကိစ္စတွေ ဖြစ်ပျက်သွားသည်မှာ တော်တော်လေးကြာမြင့်နေပြီဖြစ်တာကြောင့် အမှတ်တရတွေဆီ ပြန်သွားဖို့မပြောနှင့် သူ့မိဘတွေနဲ့ညီလေးကိုတောင် နောက်တစ်ကြိမ်ထပ်တွေ့ဖို့က မဖြစ်နိုင်တော့ပါ။ ယန်းချင်းချီ အတိတ်ကိုလွမ်းဆွတ်နေတာကို ရပ်ဖို့အတွက် မျက်လုံးမှိတ်လိုက်သည်။ အတိတ်တိုင်းကို လွမ်းတသသဖြစ်နေလျှင် ဝမ်းနည်းရမည့်လူမှာ သူပဲဖြစ်သည်။ အခုနေနေတဲ့ လက်ရှိပစ္စုပ္ပန်ကသာ အရေးကြီးဆုံးပင်။

မအိပ်ခင်တွေးလိုက်လို့ ထိုအကြောင်းအရာက အိမ်မက်အဖြစ်နဲ့ပြန်ပါလာတာလည်း ဖြစ်ကောင်းဖြစ်နိုင်သည်။ သူ သူ့မွေးစားအဖေ၊မွေးစားအမေနဲ့ညီငယ်လေးကို အိမ်မက်မက်ခဲ့သည်။ အိမ်မက်ထဲမှာ သူ့မွေးစားမိဘတွေကိုကြည့်ကာ သူ အခြားကမ္ဘာကိုရောက်သွားခဲ့ကြောင်းနှင့် ဒီမှာလက်ထပ်ထားပြီး ကိုယ်ပိုင်မိသားစုလေးတစ်ခု ပိုင်ဆိုင်ထားနိုင်ပြီဖြစ်ကြောင်း၊ အားလုံးအဆင်ပြေကြောင်း ပြောပြခဲ့သည်။ သူ့မိဘတွေကလည်း သူ့ကိုမြင်ရတော့ အရမ်းကိုဝမ်းသာသွားကာ သူတို့အတွက်စိတ်ပူစရာမလိုကြောင်းနှင့် အဲ့မှာသာကောင်းမွန်တဲ့ဘဝနဲ့ပျော်ပျော်ရွှင်ရွှင်နေဖို့လိုကြောင်း မှာကြားနေသည်။ သူ့ညီငယ်လေးက ရင်ဘတ်ကိုပုတ်ကာ ကတိပေးလာခဲ့သည်။

ရုပ်ရှင်ဧကရာဇ်၏ သေလမ်းရှာ စေ့စပ်ထားသူလေး [ ဘာသာပြန် ] || Completed ||Where stories live. Discover now