[ Zawgyi ]
နံနက်အလင်းပျပျမြင်ရတာနဲ့ ရှောင်းကျန့်ကအလိုလိုနိုးနေပြီ။ သို့သော်လည်း အိပ်ရေးမဝတာမို့ခေါင်းတော့ သိပ်မကြည်ချင်ဘူး။
အိပ်ပျော်ဖို့ ခက်ခဲရတဲ့အကြောင်းအရင်းကတော့ အရင်လို သူတစ်ယောက်တည်းမဟုတ်တော့ဘူးဆိုတဲ့အသိရယ် တစ်ယောက်တည်းမဟုတ်ရတဲ့ အကြောင်းအရင်းခံလေးက ကောင်လေးရယ်ဆိုတာကြောင့် နှလုံးသားက အနားမရခဲ့လေဘူး။ ဦးဏှောက်ကရပ်တန့်မရတဲ့အတွေးတွေကြောင့်လည်း နှလုံးသားဟာ သိပ်ဆိုးနေတာပေါ့။
အဲ့လိုအကျိုးဆက်တွေကြောင့် ခေါင်းမကြည်ပေမဲ့လည်း ကောင်လေးကသူနဲ့တစ်အိမ်တည်းရှိနေတာကိုတွေးမိပြန်တော့ အရာရာဟာကြည်လင်သွားပြန်ရော။
အဟင်း...နံနက်ခင်းက သိပ်ကိုလှ။
ရှောင်းကျန့်က ထုံးစံအတိုင်းနံနက်ခင်းအားကစားအတွက်ပြင်ဆင်လိုက်တယ်။
မနက်စောစောထပြေးရတာက ရှောင်းကျန့်အကြိုက်ဆုံး အားကစားတစ်ခုပါပဲ။
အခန်းတံခါးဖွင့်လိုက်တာနဲ့ ချစ်ခြင်းတရားလေးကိုတွေ့တယ်။
ဆိုဖာပေါ်မှာ ငုတ်တုတ်လေး။
ရှောင်းကျန့်ထွက်လာတာကိုတော့မြင်ပုံမရဘူး။
မဟုတ်ဘူး။
လုံးဝကိုမမြင်တာ။ ငုတ်တုတ်ကလေးငြိမ်နေတဲ့ကိုယ်လေးက တစ်ချက်တစ်ချက်တော့ယိုင်သွားသေးတာမို့လေ။
မျက်လုံးတွေကတော့ ပွင့်မလာဘဲ ယိုင်သွားတဲ့ကိုယ်ကိုယ်သာ ပြန်တည့်မတ်လို့ သတိအနေအထားထိုင်နေပုံက နံနက်ခင်းရဲ့မြတ်နိုးဖွယ်ရာလေး။
ဒီကောင်လေး ငိုက်နေတာကိုမအိပ်ဘဲနဲ့...
"ရိပေါ်..."
"ဟင်..."
ရှောင်းကျန့်က အနားကိုသွားပြီး လေသံတိုးတိုးနဲ့ခေါ်လိုက်တော့လည်း အလန့်တကြားနဲ့ ဟင်တဲ့ကောင်လေးရယ်ပါ။
"ဘာလုပ်နေတာလဲ"
"အမ် ကျွန်တော်လား"
"အင်း"
"ခင်ဗျားကိုစောင့်နေတာလေ"
"ကိုယ့်ကို"
ရှောင်းကျန့်က အံ့ဩတစ်ကြီး ကိုယ့်ကိုယ်လက်ညှိုးလေးညွှန်ပြတော့လည်း ခေါင်းတဆတ်ဆတ်ညိတ်ပြသေးတာ။
