"ဉာဏ်...ကိုယ့်ကိစ္စမို့ ကိုယ်သေချာဖြေရှင်းနိုင်ပါတယ်၊ ဉာဏ် ဘာမှဖြစ်စရာမလိုဘူးနော်"

"ဖြစ်တာပေါ့၊ ဖြစ်တယ်....ဦးစက်ပုံကြီးနဲ့တက်လာတဲ့သတင်းကိုဖတ်ပြီး ဘာမှမဖြစ်ရမှာလား၊ ဉာဏ် ဖတ်သာဖတ်လိုက်ရတယ်၊ ဘာမှနားမလည်လိုက်ဘူး၊ သိလိုက်တာတစ်ခုပဲရှိတယ်၊ ဦးစက်က အဲ့လိုမလုပ်ဘူးဆိုတာ ဉာဏ်သိတယ်"

ဉာဏ့်စကားကြောင့် စက်နေဟိန်းပြုံးမိသွားသည်။

"ဉာဏ် ကိုယ့်ကိုသိတယ်ဆိုရင်ရပြီ၊ ကျန်တာ စိတ်ပူစရာမလိုဘူး၊ ဒါမျိုးတွေက ကိုယ်ခဏ ခဏကြုံဖူးနေတာမို့ ကိုယ့်အတွက်မထူးဆန်းတော့ဘူး၊ ဉာဏ်အခု ဘာလုပ်နေတာလဲ"

"ထမင်းစားနေတာ"

"ဘာနဲ့စားနေတုန်း"

"တို့ဟူးသုပ်နဲ့"

ဘာမှမဖြစ်ပါနဲ့ပြောတာတောင် ဉာဏ့်အသံကပြောင်းနေတာမို့ စက်နေဟိန်းစိတ်ပူတာက ဉာဏ်ဖြစ်သွားသည်။

"ကိုယ်လာကြိုမယ်နော်၊ စာပို့ဖို့ ဖုန်းဆက်ဖို့မမေ့နဲ့၊ ဉာဏ် ညစာဘာစားချင်လဲ"

"မစားချင်ပါဘူး...."

"ကဲ....ကိုယ့်အပူတွေမယူစမ်းနဲ့၊ ဒီကလေးကတော့...."

စက်နေဟိန်းတောင်စကားမဆုံးသေး...ဉာဏ်က ဖုန်းချသွားသည်။ ချသွားသောဖုန်းကို စက်နေဟိန်းခေတ္တမျှကြည့်နေမိကာ အစည်းဝေးခန်းထဲသို့ တစ်ဖန်ပြန်ဝင်လာခဲ့သည်။ သူပြန်ဝင်လာချိန် ကြည်လင်သူက အသေအချာရှင်းပြပြီးချိန်ဖြစ်သောကြောင့် သိပ်စနိုးစနှောင့်ဖြစ်စရာမလိုတော့။

သို့သော် အားလုံးက စက်နေဟိန်းကို မျှော်လင့်တကြီးကြည့်နေကြပုံပေါ်သောကြောင့်....

"အားလုံးပဲ အခု ဘာကိုစိုးရိမ်နေမယ်ဆိုတာ ကျွန်တော်နားလည်ပါတယ်၊ ကျွန်တော့်ကို ယုံတယ်ဆိုရင် အလုပ်ကိုပဲ သေချာအာရုံစိုက်ပေးပါ၊ ကိုယ်ရေးကိုယ်တာကိစ္စက အလုပ်ကိုလာထိခိုက်တာမျိုး ကျွန်တော်လုံးဝအဖြစ်ခံမှာ မဟုတ်ပါဘူး"

ထိုသို့ပြောပြီး အစည်းဝေးရပ်နားရန် အချက်ပြကာ အားလုံးကိုယ်စီထွက်သွားချိန် စက်နေဟိန်းကတော့ ထိုင်ချလိုက်သည်။

ညံနေအောင်ချစ်မည် (loving you out loud)Where stories live. Discover now