''မားကပြောတယ် ဒါက ကလေးမမွေးခင် အကြိုသင်ကြားပေးတာတဲ့ သီချင်းသံက ဗိုက်ထဲကကလေးကို သက်တောင့်သက်သာဖြစ်စေတဲ့အပြင် သီချင်းချစ်တတ်လာအောင်လည်း လှုံ့ဆော်ပေးတယ်တဲ့ ''

ကျန်းမော့ချန် တဖက်လူ၏ကူကယ်ရာမဲ့နေသည့်လေသံလေးကိုနားထောင်ရင်း နည်းနည်းလေးသနားမိသွားသော်ငြား သူ့မားစကားမို့ သူလည်းဘာမှမတတ်နိုင်တာကြောင့် စောင်လေးကိုမပြီး ယန်းချင်းချီဘေးဝင်ထိုင်လိုက်ကာ ဗိုက်ပေါ်လက်လေးတင်လိုက်သည်။

''မင်း စန္ဒယားတီးတတ်လား ''

''တီးတတ်တာပေါ့ '' ယန်းချင်းချီခေါင်းငြိမ့်လိုက်လေသည်။

သူ့မွေးစားအမေကစန္ဒယားတီးရတာကိုအရမ်းကြိုက်တာကြောင့် သူ့မွေးစားအဖေကသူမအတွက် သီးသန့်တစ်ခန်းလုပ်ပေးထားသည်။ သူမက စန္ဒယားတီးရတာကိုသာ ကြိုက်နှစ်သက်ခြင်းဖြစ်ပြီး လက်ရာကတော့ အကောင်းကြီးမဟုတ်လှပေ။ သူမက စန္ဒယားတီးပြီးတိုင်း သူမလက်ရည်သူအပြစ်တင်လာလျှင် ယန်းချင်းချီပေါက်စလေးက နှစ်သိမ့်ပေးလိမ့်မည်။

''မဟုတ်ပါဘူး မားမားတီးတာအရမ်းနားထောင်လို့ကောင်းတယ် ''

ထိုအချိန်ကျသူမက အပြုံးလေးဖြင့် ယန်းချင်းချီခေါင်းလေးကိုပွတ်ကာ

''ရှောင်ချီလေးကြိုက်လို့တော်သေးတာပေါ့ ''

ယန်းချင်းချီကလည်း မွေးစားအမေနဲ့ပိုနီးကပ်ချင်တာကြောင့် သူမကိုစန္ဒယားတီးနည်းသင်ခိုင်းသည်။ သူမကလည်း ယန်းချင်းချီပေါက်စလေးကိုရင်ခွင်ထဲထည့်ကာ ကီးတစ်ခုချင်းစီတိုင်းကိုသေချာသင်ပေးနေသည်။ ယန်းချင်းချီက ထိုနယ်ပယ်မှာလည်းပါရမီပါတာကြောင့် နှစ်အနည်းငယ်လေ့လာပြီးသွားသည့်အခါ စန္ဒယားကို ပရော်ဖက်ရှင်နယ်ကျကျတီးတတ်သွားကာ သူ့အမေလက်ရာကိုတောင် ကျော်တက်သွားလေသည်။ သူ့မွေးစားအမေကလည်း သူမ မလုပ်နိုင်ခဲ့သည့်အရာအား သူမသားလုပ်နိုင်သွားတာကိုကြည့်ရင်း ဂုဏ်ယူနေခဲ့သည်။

အခုတော့ ထိုအရာအားလုံးက အတိတ်များသာ။

ယန်းချင်းချီ အတိတ်ကမှတ်ဉာဏ်တွေထဲမှာပဲ တဝေ့ဝေ့လည်မနေချင်ပါ။ သူဟာ လက်တွေ့ဆန်ပြီး ပစ္စပ္ပန်ကိုတန်ဖိုးထားတတ်သူဖြစ်တာကြောင့် ထိုအရာတွေက အတိတ်တွေ၊မှတ်ဉာဏ်အပိုင်းအစတွေမှန်း သိနေတဲ့အတွက် သူဘယ်လောက်ပဲလွမ်းနေပါစေ ပြန်သွားနိုင်တော့မည်မဟုတ်ပါ။ ထို့ကြောင့် အတိတ်ကိုတွေးပြီးဝမ်းနည်းနေတာထက်စာလျှင် လက်ရှိပစ္စပ္ပန်ကိုသာ ပိုတန်ဖိုးထားပစ်လိုက်မည်။ ဘယ်လိုပဲဖြစ်ဖြစ် အခုလည်းတော်တော်လေးပျော်နေပါပြီ။

ရုပ်ရှင်ဧကရာဇ်၏ သေလမ်းရှာ စေ့စပ်ထားသူလေး [ ဘာသာပြန် ] || Completed ||Where stories live. Discover now