ယန်းချင်းချီစိတ်ထဲမှာတော့ သူကတော်တော်လေးကျန်းမာကာ အအေးမမိလွယ်ဘူးဟုအော်ပြောနေသော်ငြား အပြင်ဘက်မှာတော့ စက်ရုပ်ကြီးလို ခေါင်းသာငြိမ့်ပြနေလိုက်သည်။

မေမေကျန်းက သူမဝယ်လာသည့် ပစ္စည်းတွေကို တစ်ခုပြီးတစ်ခုပါးစပ်အညောင်းခံပြီး သေချာရှင်းပြနေသည်။ ယန်းချင်းချီအားလုံးနားထောင်လို့အပြီးမှာတော့ မေမေကျန်းကတော်တော်လေး အပေါင်းအသင့်ဆံ့သူဟုသာ မှတ်ချက်ချလိုက်မိသည်။ ပစ္စည်းတိုင်းလိုလိုက ဟိုသူငယ်ချင်းလက်ဆောင်ပေးတာ၊ ဒီသူငယ်ချင်းညွှန်းပေးတာနဲ့ စမိတ်ဆက်လာကာ သူငယ်ချင်းတွေကောင်းတယ်ပြောသမျှ အကုန်စုဝယ်လာသည့်ပုံပင်။

ထိုည ကျန်းမော့ချန်အိမ်ပြန်လာတော့ သူ့အမေကမီးဖိုချောင်ထဲ ထမင်း၊ဟင်းဝင်ချက်နေတာကိုတွေ့လိုက်ရကာ သူ့အိမ်သူလေးကတော့ သူတို့အိပ်ခန်းထဲမှာ မျက်လုံးလေးမှိတ်ပြီးသီချင်းနားထောင်နေသည်။

ကျန်းမော့ချန် ထိုအခြင်းအရာကိုမြင်တော့ နည်းနည်းလေးအံ့သြသွားသည်။ သူငယ်ငယ်လေးကတည်းက သူ့အမေမှာကုမ္ပဏီအလုပ်တွေဖြင့် အလုပ်ပတ်ရှုပ်နေတတ်ပြီး အာဂမိန်းမတစ်ယောက်က အိမ်ရှင်မဆိုသည့်ရာထူးဖြင့် ခြေချုပ်မမိသင့်ဘူးဟုဆိုကာ မီးဖိုချောင်ထဲသိပ်မဝင်ခဲ့ပေ။ နောက်ပိုင်း သူ့အစ်မက ကုမ္ပဏီကိုလက်လွှဲယူလိုက်တော့လည်း သူမအသက်အရွယ်မှာ မျက်နှာတွေ၊လက်တွေကို အရေမတွန့်အောင်ထိန်းသိမ်းရမည်ဟုဆိုကာ မီးဖိုချောင်ထဲဝင်ကိုမဝင်တော့ပေ။

အခုတော့ ယန်းချင်းချီအတွက် ပျော်ပျော်ကြီးဟင်းချက်ပေးနေတာကို မြင်လိုက်ရသည့်အခါ တော်တော်လေးထူးဆန်းသည်ဟုခံစားလိုက်ရသည်။

''ကိုယ့်အမေဟင်းချက်တာကို မမြင်ရတာတောင် တော်တော်ကြာပြီ အခုမှပဲ မင်းကြောင့် အမြင်သစ်တွေပွင့်လင်းသွားတော့တယ် '' ကျန်းမော့ချန် ငြိမ့်ညောင်းသာယာသည့်သံစဥ်တွေကြား သက်ပြင်းချလိုက်သည်။ '' ဟုတ်သား ဒါနဲ့ဘာလို့ အခန်းထဲမှာ စန္ဒယားသံကြီးဖွင့်ထားတာလဲ ''

ယန်းချင်းချီ ​ကျန်းမော့ချန်ကိုလှည့်ကြည့်လိုက်ကာ မျက်နှာကတည်ငြိမ်နေသော်ငြား လေသံမှာကူကယ်ရာမဲ့နေသည်။

ရုပ်ရှင်ဧကရာဇ်၏ သေလမ်းရှာ စေ့စပ်ထားသူလေး [ ဘာသာပြန် ] || Completed ||Where stories live. Discover now