(၁၀)

6.9K 949 9
                                    


{Unicode}

အခန်း(၁၀)


သွမ့်မင်ယန်နှင့် ခဏတာ မဟာမိတ်ဖွဲ့ပြီးသွားသည့်အခါမှ လီလော့၏ ရင်အစုံသည် တည်ငြိမ်ရာရသွားသည်။ ပိတ်ရက်နှင့်တိုက်ဆိုင်သည့်ရက်ရောက်လျင် အချိန်အားရှာကာ ဖခင်အကျဥ်းကျနေသည့် ထောင်ရှိရာဆီသွားဖို့ စီစဥ်ထားလိုက်၏။

မြို့တော်၏ ထောင်တည်ရှိရာနေရာမှာ မြို့ပြင်ဘက်ရှိ ကျတ်တီးလွင်ပြင်ကျယ်ကြီးတွင်ဖြစ်သည်။ ကောလဟာလသဖွယ် အဆိုရှိသည်မှာ ထိုမြေနေရာသည် မြို့သစ်တည်ဖို့ရာ ရည်ရွယ်ထားခဲ့ခြင်းဖြစ်ပြီး ဖုန်းရွှေဆရာတစ်ပါးက လူနေထိုင်ဖို့ရန် မသင့်တော်ဟု တွက်ချက်ပေးခဲ့သဖြင့် အကြံမဖြစ်မြောက်ခဲ့သည်နေရာဟုဆိုသည်။ သို့ကြောင့်ပင် ထောင်ကို ဧည့်တွေ့လာသည့် လူတွေမှအပ ဖြတ်သွားဖြတ်လာ မရှိသလောက်ဖြစ်ကာ တိတ်ဆိတ်ခြောက်ကပ်လွန်းလှ၏။

ယနေ့ကတော့ဖြင့် ပိတ်ရက်နှင့် ကြုံနေလို့ ထင်သည်။ ထောင်ဘက်နားတွင် ခါတိုင်းထက် လူစည်နေကာ တန်းစီ၍ပင် စောင့်ဆိုင်းနေကြရ၏။ လူတန်းကြီးထဲမှ အမျိုးသမီးတစ်ဦးသည် စောင့်ဆိုင်းရသည်ကို စိတ်မရှည်တော့ဟန်ဖြင့် သူမအရှေ့က လူငယ်လေးကို တွန်းတွန်းတိုက်တိုက်နှင့် လောနေသည်။

"ဟေ့ .. ရှေ့က ကောင်လေး .. ဘာတွေနှေးနေတာလဲ .. တစ်နေကုန် အချိန်ဆွဲနေဖို့များ စဥ်းစားနေတာလား"

"အမကြီးရယ် .. ရှေ့ကလူမှ မရွေ့ပေးရင် ကျွန်တော်က ဘယ်လို မြန်မြန်လုပ်လို့ရပါမလဲဗျာ"

လီလော့ အနောက်ကို လှည့်ကြည့်သည်။ နေကာမျက်မှန်အမည်းကြီးနှင့် နှာခေါင်းစည်းတပ်ထားသည်ကြောင့် သူ့မျက်နှာတစ်ခုလုံးနီးပါးကို ဖုံးအုပ်ထားသလိုဖြစ်နေ၏။ မြင့်မားဖြူနုသည့် နှာတံရိုးသာ ပေါ်မနေဘူးဆိုလျင် သူ့မျက်နှာတစ်ခုလုံး အနက်ရောင်ဟုသာ ထင်သွားဖွယ်ရာရှိသည်။

"ဘာလှည့်ကြည့်တာလဲ .. မင်းကိုယ်မင်း နာမည်ကြီးစူပါစတားများထင်နေတာလား"

အမျိုးသမီးသည် သူ့ကို စူပုတ်ပုတ်နှင့်ကြည့်ကာ ပါးစပ်ကလည်း ရေရွတ်နေ၏။ မကြာခဏ ကြည့်မိပါများသည့်အခါ စိတ်ထဲတွင် ဒီမျက်နှာကို ရင်းနှီးသလိုရှိသည်ဟုလည်း ထင်လာသည်။

After Dawn{မြန်မာဘာသာပြန်}Where stories live. Discover now