ထို့နောက် သက်ပြင်းချလိုက်ကာ

"အပြင်မှာ အေးတယ်၊ အထဲဝင်ရအောင်..."

ဟန်သစ်က ခေါင်းညိတ်လိုက်ကာ

"အင်း... ဝင်တော့လေ... "

"နွယ်ကရော ... မဝင်တော့ဘူးလား..."

ငွေနှင်းက ခေါင်းငုံ့၍ ဟန်သစ်၏လက်ကို ပွတ်သပ်လျက် ပြောလေရာ ဟန်သစ်က ပါးစပ်အဟောင်းသားဖြင့် ငွေနှင်းအား ကြည့်လိုက်လေ၏။

"ဟင်... အဲ့ဒါ ငွေနှင်းခိုင် မဟုတ်လား..."

ခြေသံနှင့်အတူ ကြားလိုက်ရသော စကားသံကြောင့် ငွေနှင်းရော၊ ဟန်သစ်ပါ လှည့်ကြည့်လိုက်ကြလေသည်။

"ဟယ်... သစ်သစ်..."

"အို..."

မမျှော်လင့်ဘဲ ရောက်လာသော ဝေနှင့်ဆွေအား ဟန်သစ်တို့နှစ်ယောက်သား ယောင်အမ်းအမ်းဖြင့် ကြည့်နေမိလေသည်။ ဝေနှင့်ဆွေကလည်း ပါးစပ် အဟောင်းသား...

"သမီးတို့က ဒီအချိန်ကြီး အိမ်ရှေ့မှာ ဘာလုပ်နေကြလဲ..."

သူစိမ်းအိမ်ဇာတ်ကားမှ ထွန်းအိန္ဒြာဗိုလ်လေသံဖြင့် ပြောလာသော ဝေ့ကြောင့် ဟန်သစ်တို့နှင့် ဆွေက တစ်ယောက်မျက်နှာ တစ်ယောက်ကြည့်၍ ရယ်လိုက်မိကြလေသည်။

"အပြင်အတူသွားပြီး ခိုင့်ကို အိမ်ပြန်လိုက်ပို့တာပါ။ ဝေနဲ့ဆွေက ဘယ်လို ဆုံလာကြတာလဲ..."

"ဟင်... သစ်သစ်... ရှင် အတိတ်များ မေ့သွားလေသလား။ ကျွန်မတို့နှစ်ယောက်က အာဇာနည်(ဝန်ထမ်းအိမ်ရာအမည်)မှာ တစ်တိုက်တည်း နေကြတာလေ။"

"ဟုတ်သားပဲ... မေ့သွားတာ။"

ရယ်ကျဲကျဲဖြင့် ပြောလာသော ဟန်သစ်၏ စကားကို ဝေက မျက်မှောင်ကြုံ့လိုက်ကာ

"မေ့တာ မဟုတ်ပါဘူး။ ရှက်ရမ်း ရမ်းတာပါ..."

" မဝေကလည်း နောက်မနေပါနဲ့... ဒါနဲ့ လာမှာကို ကြိုမပြောဘူး။ ငွေနှင်းက အိမ်မှာ မရှိရင် ဘယ်လိုလုပ်မလဲ..."

"ဒီအချိန်ကြီး နင်က အိမ်မှာမရှိဘဲ ဘယ်သွားမှာမလို့လဲ..."

" အဲ့ဒါတော့ ဟုတ်ပေမယ့် ဒီနေ့ဆို ခုလေးတင်မှ ပြန်ရောက်တာလေ..."

By Loving (own creation)Where stories live. Discover now