"အာ... ခိုင်ကလေ ဒီအတိုင်း ဘာရယ်မဟုတ်ဘူး မေးလိုက်မိတာ... "

ဟန်သစ်က ငွေနှင်းတို့၏ အိမ်ရာကို မော့ကြည့်လိုက်ကာ

"တိုက်ရှေ့တောင် ရောက်လာပြီပဲ..."

ငွေနှင်းက တွဲထားသည့် ဟန်သစ်၏ လက်ကို နောက်လက်တစ်ဖက်ဖြင့်ပါ ဆုပ်ကိုင်လိုက်ပြီးနောက်

"မနက်ဖြန် ဘာအလုပ်ရှိလဲ..."

ဟန်သစ်က ပြုံး၍ ငွေနှင်း၏လက်ကို ငုံ့ကြည့်နေလေသည်။ ထို့နောက် ငွေနှင်း၏ မျက်နှာကို မော့ကြည့်လာကာ

" ခိုင့်ကို သတိရလို့၊ ခိုင် ဒီကျောင်းမှာ ရှိနေသေးလား မသေချာဘဲနဲ့ ပြန်ခဲ့တာ... ပြီးတော့ မနက်ဖြန် ဘာအလုပ်မှ မရှိဘူး..."

ငွေနှင်းက ဟန်သစ်၏ ဘယ်ဘက်ပါးပြင်ကို လက်တစ်ဖက်ဖြင့် အသာအယာ ထိကပ်လိုက်ကာ

" နွယ့်ပြန်အလာကို ခိုင်က မျှော်နေခဲ့တာလို့ ပြောခွင့်မရှိမှန်း သိပါတယ်၊ ဒါပေမယ့် ခိုင် တကယ် မျှော်နေခဲ့တာ..."

ငွေနှင်း၏စကားကြောင့် ဟန်သစ် ပြုံးလိုက်ကာ ငွေနှင်း၏ နှုတ်ခမ်းအား သူမ၏ နှုတ်ခမ်းတို့ဖြင့် ထိကပ်လိုက်လေသည်။

ထို့နောက် ပြုံးလျက်ပင် ငွေနှင်းအား စိုက်ကြည့်လိုက်ရင်း

"ပြီးခဲ့တာတွေကို မေ့လိုက်ပါတော့... ဟင်း... နွယ်ကလေ ခိုင့်ကို မေ့ချင်လို့ ထွက်သွားခဲ့တာ ... ဒါပေမယ့် ခိုင့်ကို သတိရလို့ဆိုပြီး ပြန်လာခဲ့မိတယ်..."

" တကယ်တော့ ခိုင် မေမေ့စကားကို အတင်းငြင်းပြီး ကိုဝေယံဖြိုးကို လက်မထပ်ဘဲ နေခဲ့ရမှာ..."

"ဒါကတော့ ခိုင်က mama's girl ကိုး... ဒေါ်လေးစကားကို ဘယ်ငြင်းရက်ပါ့မလဲ... နွယ် နားလည်ပါတယ်... ပြီးတော့ ဒီလို တွေးကြည့်ရအောင်... ခိုင်သာ ကိုဝေယံဖြိုးကို လက်မထပ်ခဲ့ရင် သွန်းလို ချစ်စရာကောင်းတဲ့သမီးလေးကို ဘယ်လိုလုပ် တွေ့ရပါတော့မလဲ... ဟုတ်တယ်မလား... အဆိုးထဲက အကောင်းလို့ တွေးလိုက်ပါ။"

ဟန်သစ်၏ စကားကြောင့် ငွေနှင်းက တွေဝေသည့် မျက်လုံးများဖြင့် အကဲခတ်သလို ကြည့်လာလေသည်။

By Loving (own creation)Where stories live. Discover now