ဟန်သစ်ကမူ ငွေနှင်း၏ အပြုအမူများကို ကြည့်ကာ ပြုံးနေလေ၏။

ထို့နောက် ရုတ်တရက် ငွေနှင်း၏ ပုခုံးကို ဖက်လိုက်ကာ

" ဘယ်သွားကြမလဲ..."

" Bus ကားနဲ့ဆိုတော့ နီးနီးနားနား လှည်းတန်းညစျေးကိုပဲ သွားကြမလား။"

"လှည်းတန်းသွားမယ်ဆို ကားနှစ်ဆင့် စီးရမှာ၊ ပြီးတော့ ဒီပုလဲကွန်ဒိုမှတ်တိုင်မှာက ဒီဘက်ခြမ်းကို ကားရပ်တာ နည်းတယ်။"

"ဒါဆို ကုက္ကိုင်းထိ လမ်းလျှောက်ကြမလား"

"ခိုင့် သဘော..."

ငွေနှင်းက ပြုံးလျက် ဟန်သစ်၏ ခါး၏ ပြန်ဖက်လိုက်ကာ နှစ်ယောက်သား အတူထွက်လာကြလေ၏။

"နွယ် အခုလို တီရှပ်အပွနဲ့ ဘောင်းဘီတို ဝတ်တော့ ငယ်ငယ်တုန်းကလိုပဲ... အဆောင်မှာ နေရင် ရှပ်အင်္ကျီ အကြီးကြီးတွေကို ထဘီတိုတိုနဲ့ ဝတ်တတ်တာလေ။"

"ဟုတ်ပါရဲ့နော်... အဲ့ခေတ်တုန်းကတော့ အဲ့လိုပေါ့... အခုက ဘောင်းဘီခေတ် ရောက်နေပြီပဲလေ..."

နှစ်ယောက်သား ရယ်မောကာ အတူ ထွက်သွားကြလေ၏။

........................

Busကား ပေါ်မှ ဆင်းလိုက်ပြီးနောက် ဟန်သစ်သည် အနောက်မှ ငွေနှင်းအား လှည့်ကြည့်လိုက်လေသည်။

ငွေနှင်းက ဟန်သစ်၏ လက်ကို ဆုပ်ကိုင်လိုက်ကာ

"နွယ် ပြန်ရတာ မိုးချုပ်နေတော့မှာပဲ။ ဒီကပဲ ပြန်လိုက်တော့လေ။ အိမ်ကို ကိုယ့်ဖာသာ လမ်းလျှောက်လိုက်တော့မယ်။"

ဟန်သစ်က ပြုံးလိုက်ကာ

"မြန်မာနိုင်ငံမှာ ညကိုးနာရီက မိုးချုပ်နေပြီဆိုတာ နွယ် မေ့သွားတယ်။"

ဟန်သစ်စကားအဆုံး နှစ်ယောက်သား အတူ ပြုံးလိုက်ကာ လမ်းကူးလိုက်ပြီးနောက် ငွေနှင်းတို့ အိမ်ရာဝန်းဘက်သို့ လျှောက်လာကြလေ၏။

"Culture changes ကို ခုထိ အသားမကျသေးဘူးမလား..."

"အင်း... 14 နှစ်တောင် နေခဲ့တာ ဆိုတော့ အခုကျ တစ်မျိုးကြီး..."

" ဟိုမှာ အသားကျနေတာကို ဘာလို့ ပြန်လာတာလဲ..."

ငွေနှင်း၏ မေးခွန်းကြောင့် ဟန်သစ်က လမ်းလျှောက်နေရာမှ ရပ်လိုက်လေရာ ငွေနှင်းလည်း ဟန်သစ်အား လှည့်ကြည့်လိုက်လေသည်။

By Loving (own creation)Where stories live. Discover now