မေက ဧည့်ခန်းရှိ ဆိုဖာပေါ်၌ ထိုင်နေသော ဝေယံ့ အနားထိုင်လိုက်ကာ

"ကို ဒီနေ့ ပြန်ရောက်တာ စောသားပဲ။"

"အင်း၊ မနက်ဖြန် သမီးလေးက ခရီးသွားမှာဆိုတော့ နေ့လယ်စာ အတူစားရင်း တွေ့လိုက်ကြတာ။ ပြီးတော့ အိမ်တန်းပြန်ခဲ့တာ"

မေက လေပူတို့ကို မှုတ်ထုတ်လိုက်ရင်း

"ဟင်း... သွန်းလေး မရှိတော့ ဒီ weekends မှာ ပျင်းနေရတော့မှာပဲ..."

"ဟုတ်ပါရဲ့... သမီးလေးက ဒီနေ့ မေ မပါလာလို့ စိတ်မကောင်း ဖြစ်နေတာ။"

"မနက်ဖြန် မနက်ပိုင်း မေ သွားတွေ့လိုက်ပါမယ်... ဪ... သွန်းလေး အကြောင်း ပြောမှ သတိရတယ်။"

"အင်း..."

မေ့စကားကို ဝေယံက စကားထောက်ပေးလိုက်လေရာ

"ဟိုလေ... မငွေနှင်းခိုင်ကို တွေ့လိုက်တယ်... ဟို... ကို့ကို ပါးရိုက်သွားတဲ့ ကောင်မလေးနဲ့အတူ..."

မေ့၏ အားတုံ့အားနာ စကားကြောင့် ဝေယံက ဟက်ဟက်ပက်ပက် ရယ်လိုက်မိလေသည်။

"မေရယ် သူ့အကြောင်း ပြောရင် အမြဲ အားနာနေတော့တာပဲ။ သူက မသိလို့ ရိုက်ခဲ့တာပဲကို။"

"ဒါပေမယ့် မေ့ကြောင့်လေ။ ကိုက မေ့ကြောင့် အရှက်ကွဲခဲ့ရတာမလား။ မေ ပြန်တွေးတိုင်း အားနာမိတယ်..."

"သူ ပြန်ရောက်နေတာ ကိုယ်သိတယ်။ တလောက ငွေနှင်းနေမကောင်းလို့ သမီးလေးက အိမ်ပြန်မလာတော့ ကိုယ်သွားတွေ့တယ်လေ။ အဲ့နေ့က အမှတ်မထင် ဆုံဖြစ်လိုက်သေးတယ်။ ကိုယ် ရှင်းပြလိုက်လို့ သူနားလည်သွားပါပြီ။ စိတ်မပူပါနဲ့တော့..."

"မေ သူ့ကို တကယ်ကြောက်တယ်။ အဲ့နေ့က မေတို့နှစ်ယောက်ကို သူ စိတ်ဆိုးပြီး ကြည့်တဲ့ အကြည့်တွေ မေ လုံးဝ မေ့မရဘူး။ သူက မငွေနှင်းခိုင်နဲ့ တအားရင်းနီးတာမျိုးလား။ "

မေ့ မေးခွန်းကြောင့် ဝေယံက ပြုံးလိုက်ကာ

"ဆိုပါတော့..."

"သူ့ကိုမြင်တော့ ညီမလေးကို ပိုသတိရမိတယ်။ မေတို့အကြောင်း သိတော့ ညီမလေးလည်း တအား စိတ်ဆိုးခဲ့တာလေ။"

By Loving (own creation)Donde viven las historias. Descúbrelo ahora