ဆွေ့စကားအဆုံး ငွေနှင်းက ဝေ့နံဘေးသို့ ကပ်ထိုင်လိုက်ကာ

"မဝေ... ငွေနှင်း ကိုဝေယံဖြိုးကို လက်ထပ်ဖို့ ဆုံးဖြတ်လိုက်တုန်းက မဝေ ပြောဖူးတဲ့ စကားကို မှတ်မိလား။ အဓိကက ဆုံးရှုံးလိုက်ရတာတဲ့ အရာအတွက် နောင်တမရဘဲ လက်ရှိဘဝမှာ ပျော်နေဖို့ပဲ ဆို... ချစ်ရတဲ့လူကို ဆုံးရှုံးလိုက်ရတဲ့ ငွေနှင်းတောင် နောင်တရခဲ့တာ သွေးသားကို ဆုံးရှုံးလိုက်ရတာ အမေတစ်ယောက်အနေနဲ့ အရာရာဆုံးရှူံးလိုက်တာပဲဆိုတာ ငွေနှင်း သဘောပေါက်ပါတယ်။ ဒါပေမယ့် မဝေရဲ့ Trauma ကြောင့် မဝေရော ကိုရွှေအေးလူကြီးရော မပျော်ရွှင်ရတော့ဘူးလေ။ ငွေနှင်းတို့ အားလုံး အသက်တွေကြီးလာပြီ။ ကျန်နေတဲ့သက်တမ်းကိုပျော်ပျော်ပါးပါးပဲ ဖြတ်သန်းကြရအောင်လေနော်..."

"အေးပါဟယ်... ငါလည်း ပင်ပန်းလှပြီ... လက်လျှော့ချင်ခဲ့ပေမယ့် ငါ့ကြောင့် မိသားစုကို အဆုံးရှုံးခံထားတဲ့လူအတွက် ငါက မိသားစု မဖန်တီးပေးနိုင်ဘူးဆိုတဲ့ အားနာစိတ်ကြောင့် ငါ ဆက်ပြီး ကြိုးစားနေခဲ့တာ..."

ငိုသံတုန်တုန်ယင်ယင်ပြောကာ ငိုချလိုက်လေသော ဝေ့ကို ကြည့်ကာ စိတ်မကောင်းဖြစ်ကြရလေသည်။ ဟန်သစ်က ဝေ့ကို ဖက်လိုက်ကာ

"ငိုလိုက်ပါ... ဝေ ငိုနိုင်တဲ့အတိုင်းအတာအထိ ငိုချလိုက်... ပြီးရင် အရာအားလုံးကို မေ့ပစ်လိုက်တော့။ သစ်သစ်တို့ လေးယောက် အရင်လို ပျော်ပျော်ပါးပါးနေဖို့အတွက် သစ်သစ် ဒီအထိ ပြန်လာခဲ့တာလေ။"

ဝေက ငိုနေရင်းပင် ဟန်သစ်အား တွန်းထုတ်ကာ

"တော်စမ်းပါ သစ်သစ်ရယ်။ နင် ငွေနှင်းခိုင်ဆီကို ပြန်လာတာ ငါတို့က မသိတာကျနေတာပဲ။"

ငိုသံဖြင့် မျက်ရည်လည်ရွှဲပြောလာသော ဝေ့စကားကြောင့် ဟန်သစ်တို့အားလုံး ရယ်လိုက်မိကြလေသည်။

"ဒီလို ပြောနေနိုင်ပြီဆိုကတည်းက မဝေ စိတ်ပေါ့သွားပြီဆိုတာ သက်သေပဲ... မငိုနဲ့တော့နော်..."

ဝေ့ကို ကြည့်ကာ ပြုံးလျက် ပြောလာသော ငွေနှင်း၏ စကားအဆုံး ဝေက ခေါင်းညိတ်ကာ မျက်ရည်များအား သုတ်လိုက်လေ၏။
...........................

လွန်ခဲ့သော (၁၆) နှစ်

ခရစ္စမတ်နေ့သည် သောကြာနေ့နှင့်တိုက်သဖြင့် ကျောင်းသုံးရက် ဆက်ပိတ်လေသည်။ လွတ်လပ်ရေးပိတ်ရက်များလည်း ရှိနေသေးသောကြောင့် ကြားရက်များတွင် ကျောင်းသားနည်းလေ့ရှိသဖြင့် ခွင့်ယူ၍ အိမ်ပြန်ရန် ငွေနှင်း ဆုံးဖြတ်လိုက်လေသည်။

လေးရက်ခန့်သာ နေမည်ဖြစ်၍ အဝတ်အစားအပိုမသယ်လေရာ ဘတ်စ်ကားဖြင့်သာ ဗိုလ်တစ်ထောင်ဆိပ်ကမ်းသို့ ဆင်းရန် ကားမှတ်တိုင်သို့ ထွက်လာလေသည်။

ယဉ်ကျေးမှုမှတ်တိုင်တွင် ကားရပ်စောင့်နေသည်မှာ နာရီဝက်ခန့် ရှိလေပြီ။ သင်္ဘောချိန်နောက်ကျမည်စိုး၍ ကကငှါးလျှင်ကောင်းမလား တွေးတောမိလေသည်။

"Taxi ... "

အသံလာရာ ဘက်သို့ လှည့်ကြည့်လိုက်လေရာ ယောက်ျားဝတ်ရှပ်အင်္ကျီအကွက်ခပ်ပွပွ၊ ထဘီတိုတိုဖြင့် ကကငှါးနေလေသော ဟန်သစ်ကို တွေ့လိုက်ရလေသည်။

စျေးတည့်သွားသည် ထင်သည်။ ဟန်သစ်က ကားတံခါးကို ဖွင့်လိုက်လေ၏။ ထို့နောက် တစ်စုံတစ်ခု သတိရဟန်ဖြင့် ငွေနှင်းအား လှည့်ကြည့်လိုက်လေသည်။

"တီချယ် ဘယ်သွားမှာလဲဟင်။"

"နယ်ပြန်မလို့လေ... သင်္ဘောဆိပ် ဆင်းဖို့ ကားစောင့်နေတာ။"

"ဒါဆို သမီးနဲ့ လိုက်ခဲ့မလား။ သမီးလည်း ဗိုလ်တစ်ထောင်ဆိပ်ကမ်း ဆင်းမှာ။"

ငြင်းရန် ခေါင်းရမ်းလိုက်ပြီးမှ အချိန်မရတော့မည်ကို သတိရလိုက်လေသည်။

ငွေနှင်း၏ အဖြေစကားကို စောင့်နေသည့် ဟန်သစ်အား လှမ်းကြည့်လိုက်ကာ ခေါင်းညိတ်လိုက်လေသည်။

"ကောင်းပြီလေ... ဒါပေမယ့် ကားခကို တီချယ်ပေးပါမယ်..."

"ဟယ် ... မဟုတ်တာ..."

"အဲ့ဒါဆို မလိုက်တော့ဘူး..."

"ဒါဆို... တစ်ဝက်ပေး..."

"အင်း... သဘောတူတယ်။"

ငွေနှင်း၏ စကားဆုံးသည်နှင့် ဟန်သစ်က ခေါင်းညိတ်လိုက်ကာ ကားပေါ်တက်သွားလေ၏။
ငွေနှင်းသည်လည်း အနောက်မှ လိုက်တက်ကာ တံခါး ပိတ်လိုက်လေသည်။
...................................

By Loving (own creation)Where stories live. Discover now